တမူး၊ ၁၆ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ် တိန်းကယား (ဗမာ) ကျေးရွာတွင် သောက်သုံးရေ ဖူလုံစေရေးအတွက် အဝီစိစက်ရေတွင်း တူးဖော်ခြင်းနှင့် စင်မြင့်ရေစင် တည်ဆောက်ခြင်း လုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မူလခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တိန်းကယား (ဗမာ) ကျေးရွာတွင် သောက်သုံးရေဖူလုံစေရေး လေးလက်မအကျယ်၊ အနက်ပေ ၄၀၀ ရှိ အဝီစိ စက်ရေတွင်းတစ်တွင်း၊ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တစ်ခု၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေ ရှိ ရေစက်ရုံတစ်ခုတို့ကို ၂၀၂၀ - ၂၀၂၁ ခု ဘဏ္ဍာနှစ် တမူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မူလခွင့်ပြုရန်ပုံငွေကျပ် ၁၇ ဒသမ ၅သန်းဖြင့် တင်ဒါအောင်မြင်သော MUNGPI & Associate ကုမ္ပဏီမှ ဇန်နဝါရီလ တတိယပတ်အတွင်း စတင်ဆောင်ရွက်သွားမည်ဖြစ်သည်။ လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးသွားပါက ကျေးရွာရှိ အိမ်ခြေ ၁၂၀ မှ လူဦးရေ ၈၅၀ အပြင် ကျွဲ၊ နွား တိရစ္ဆာန်များအတွက်ပါ ရာသီမရွေး သောက်သုံးရေ ဖူလုံစေရေး အကျိုးပြုမည်ဖြစ်ကြောင်း တမူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်း ကပြောသည်။
အဆိုပါကျေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်း၊ တမူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာခင်၊ တမူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်းနှင့် ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီ၊ ကျေးရွာရေပေးရေး ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တွေ့ဆုံကာ စက်ရေတွင်း စတင်တူးဖော်မည့် အခြေအနေ၊ ရေစက်ရုံနှင့် စင်မြင့်ရေစင်အတိုင်းအတာ ပုံစံများအား အသေးစိတ်ချပြ ရှင်းလင်းခဲ့ပြီး၊ ကျေးရွာရေကော်ကော်မတီဝင်များမှ တင်ပြသည်များအား ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်းသိရသည်။
ငြိမ်းသူ


