ပဲခူး၊ ၁၇ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အတွင်းရှိ မဲဖလံ၊ ယောက်သဝ၊ ညောင်ပင်သာနှင့် မီးချောင်းခေါင်း ကျေးရွာ(၄)ရွာတွင် ဇန်နဝါရီ ၁၇ ရက် နံနက် ၁၀ နာရီက လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မဲဖလံ၊ ယောက်သဝ၊ ညောင်ပင်သာနှင့် မီးချောင်းခေါင်း ကျေးရွာ(၄)ရွာ မီးလင်းရေးအတွက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကမ္ပည်းမော်ကွန်းကျောက်စာအား အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦးတို့က အမှာစကားပြောကြားကြပြီး တောင်ငူခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးအောင်စံက လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေးပြောကြားကာ လျှပ်စစ်မီးလင်းရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးသူများနှင့် အလှူရှင်များအား မီးလင်းရေးကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ကြသည်။
ယင်းနောက် မဲဖလံ၊ ယောက်သဝ၊ ညောင်ပင်သာနှင့် မီးချောင်းခေါင်း ကျေးရွာများ၏ကိုယ်စား မီးချောင်းခေါင်း ကျေးရွာနေ ဦးဇော်လတ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ကျေးရွာနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအတွက် အားကစားပစ္စည်းများနှင့် ဘင်ခရာနှင့် ဒိုးပတ်အဖွဲ့အတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ မဲဖလံ၊ ယောက်သဝ၊ ညောင်ပင်သာနှင့် မီးချောင်းခေါင်း ကျေးရွာ(၄)ရွာ လျှပ်စစ်မီးလင်းရေးအတွက် ကျေးရွာတစ်ရွာချင်းအလိုက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ၁၁ ကေဗွီဓာတ်အားလိုင်း၊ ၁၁/၀.၄ ကေဗွီ (၂၀၀)ကေဗွီအေ ထရန်စဖော်မာနှင့် ကျေးရွာနေပြည်သူများထည့်ဝင်ငွေတို့ စုပေါင်း၍ ၄၀၀ ဗို့ဓာတ်အားလိုင်းအား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် ကျေးရွာပေါင်း (၁၁၇)ရွာရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ (၆၄)ရွာ မီးလင်းပြီးဖြစ်ပြီး အဆိုပါကျေးရွာများတွင် NEP P-1 (၂)မိုင်တွင်း ကျေးရွာ(၁၀)ရွာ၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် မီးလင်းရေးဆောင်ရွက်သည့်ရွာ (၄၆)ရွာ၊ ကိုယ့်အားကိုယ်ကိုးကျေးရွာ (၈) စုစုပေါင်းကျေးရွာ (၆၄)ရွာအား မီးလင်းရေးဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာ(၄၂)ရွာအား မီးလင်းရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထန်းတပင်မြို့အဝင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်အတွက် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများနှင့် မြို့နယ်ကိုဗစ်ကော်မတီအတွက် ထောက်ပံ့ငွေကျပ် (၅)သိန်းအား ပေးအပ်ပြီး တောင်ငူမြို့နယ် ပဲကြီးခုံကျေးရွာ စိတ္တသုခဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ ပဲကြီးခုံကျေးရွာစာသင်ကျောင်း မြေနေရာနှင့်ပတ်သက်၍ ဆွေးနွေးဖြေရှင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


