ပုသိမ်၊ ၁၇ ဇန်နဝါရီ

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း ငလျင်ဘေးနှင့် မီးဘေး အစရှိသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ သဘာဝဘေး ငလျင်ဒဏ်ဇာတ်တိုက်လေ့ကျင့်ခန်း သရုပ်ပြပွဲကို ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးဝန်း၌ ကျင်းပသည်။

 

ရှေးဦးစွာ သဘာဝဘေးအင်အားပြင်းထန်သော ငလျင်တစ်ခုဖြစ်ပွားလျှင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းရလျှင်ရခြင်း မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး အထူးတပ်ဖွဲ့မှ အမြန်ဆုံးထွက်ခွာ၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို သရုပ်ပြဆောင်ရွက်ကြသည်။

 

သရုပ်ပြတပ်ဖွဲ့မှ ဖြစ်ပေါ်လာသည့် မီးလောင်မှုနှင့် ငလျင်လှုပ်ခတ်မှု အခြေအနေကို မျက်မြင် မြင်တွေ့ရမှု အခြေအနေအပေါ် ဆောင်ရွက်ခြင်း၊ မြေပြင်အနေအထားပေါ်တွင် သုံးသပ်ပြီး အန္တရာယ်ကင်းဇုန်သတ်မှတ်၍ တာဝန်ခွဲဝေခြင်း၊ ဘေးဒုက္ခရောက်ရှိနေသော လူနာများကို ဦးစားပေး အဆင့်အလိုက် ရှာဖွေကယ်ဆယ်ရွေးထုတ်ခြင်း၊ ဘေးအန္တရာယ်ကျရောက်နေသည့် လူနာများ ကျန်ရှိမှု ရှိ၊မရှိကို ခေတ်မီရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများဖြင့် စစ်ဆေးရှာဖွေခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး နောက်ဆုံးအဆင့်အနေဖြင့် အပျက်အစီးများကို ယာဉ်/ယန္တရား အသုံးပြုရှင်းလင်းခြင်းတို့ကို သရုပ်ပြကြသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က အမှာစကားပြောကြားပြီး သရုပ်ပြပွဲကို ရုပ်သိမ်းခဲ့ကာ ဝန်ကြီးချုပ်နှင့် တာ၀န်ရှိသူများက မီးသတ်ငြှိမ်းသတ်ရာတွင် အသုံးပြုသော စက်ပစ္စည်းများကို ကြည်ရှုခဲ့ကြသည်။

 

မောင်မောင်မြင့်(ပြန်/ဆက်)