စဉ့်ကိုင် ၊ ၁၇ ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ သပြေရိုးကျေးရွာရှိ လယ်ယာထွက်ကုန်များ စျေးကွက်သို့ အချိန်မီရောက်ရှိစေရေး ရည်ရွယ်၍ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ တန်ဖိုး ကွင်းဆက်စီမံကိန်း (CFAVC) ရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်းတစ်လမ်း၊ Boxculvert တံတား ၂ စင်း၊ မြေကာနံရံတစ်ခု တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း ကျောက်ဆည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

သပြေရိုးကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်းအရှည် ၃၉၆၀ ပေ၊ အကျယ် ၁၂ ပေ၊ ထုမြေသား ၂ ပေ၊ မြေနီကျောက် ၆ လက်မခင်းခြင်း၊ အလျား ပေ ၃၀၊ အနံ ၁ ပေ ၆ လက်မ၊ အမြင့် ၁ ပေ ၆ လက်မ Boxculvert တံတားတစ်စင်း၊ အလျား ၁၈ ပေ၊ အနံ ၃ ပေ၊ အမြင့် ၃ ပေ Boxculvert တံတား တစ်စင်း၊ အလျား ၃၆ ပေ၊ အနံ ၁ ပေ ၆ လက်မ၊ အမြင့် ၄ ပေ ၆ လက်မ၊ မြေကာနံရံတစ်ခုတို့အား ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာတန်ဖိုး ကွင်းဆက်စီမံကိန်း (CFAVC) ရန်ပုံငွေကျပ် ၅၃ ဒသမ ၇၅ သန်းဖြင့် တင်ဒါအောင်မြင်သော လေးကျွန်းသစ္စာကုမ္ပဏီမှ ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးနေပြီ ဖြစ်သောကြောင့် လယ်ယာမြေဧက ၂၄၀ ကျော်မှ လယ်ယာထွက်ကုန်များ စျေးကွက်သို့ အချိန်မီရောက်ရှိပြီ ဖြစ်ကြောင်း စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင်ထံမှ သိရသည်။

 

အဆိုပါ ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျောက်ဆည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ကျေးရွာကုန်ထုတ်လမ်း ဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ပြီး လုပ်ငန်းအချိန်မီပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီမှုရှိ/မရှိတို့အား စစ်ဆေးပြီး ကုန်ထုတ်လမ်း ရေရှည်တည်တံ့ခိုင်မြဲစေရေး ကျေးရွာသူကျေးရွာသားများမှ ဝိုင်းဝန်းထိန်းသိမ်းသွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

ငြိမ်းသူ