ဟားခါး၊ ၁၇ ဇန်နဝါရီ      

         

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်း​ရေးမှူး ဦးတိုးဝင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ထန်တလန်မြို့နယ် သီကီရ်ကျေးရွာရှိ တိုက်ပွဲရှောင် ပြည်သူများအား အလှူငွေများ၊ အခြေခံစားသောက်ကုန်များနှင့် အသုံးအဆောင်ပစ္စည်းများကို ဇန်နဝါရီ ၁၆ ရက်က အဆိုပါကျေးရွာ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က တိုက်ပွဲရှောင်ပြည်သူများအား အလှူငွေများ၊ အခြေခံစားသောက်ကုန်များနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ခြင်းများနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီးနောက် ချင်းပြည်နယ် ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ ပြည်သူများမှ လက်ခံရယူကြပြီး တိုက်ပွဲရှောင် ပြည်သူများကိုယ်စား ဦးကျော်ဆန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် ချင်းပြည်နယ်အစိုးရအဖွဲ့က စောင်အထူ (၃၂)ထည်၊ စောင်အပါး (၃၂)ထည်၊ ဖော့ဖျာ (၃၂)ချပ်၊ ငါးပိ (၄၀)ပိဿာ၊ ငါးခြောက် (၄၀)ပိဿာ၊ ငရုတ်သီးခြောက် (၂၀)ပိဿာကို လည်းကောင်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက စောင်(၆၂)ထည်၊ ဆန်(၃၀၀)အိတ်၊ ဆီ(၃၇၂)ပိဿာ၊ ကုလားပဲ(၃၇၂)ပိဿာ၊ ဆား(၁၀၆)ပိဿာနှင့် ဟားခါးခရိုင် ကျေးလက်လမ်းဦးစီးဌာနမှ ထောက်ပံ့ငွေကျပ် (၁၀)သိန်း၊ ထန်တလန်မြို့နယ် ပညာရေးဌာနမှ ထောက်ပံ့ငွေကျပ် (၅)သိန်း၊ ထန်တလန်မြို့နယ် နယ်စပ်ဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ထောက်ပံ့ငွေကျပ် (၁၅၅၀၀၀) စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၆၅၅၀၀၀)ကိုလည်းကောင်း တိုက်ပွဲရှောင် အိမ်စောင်စု (၃၁)စု၊ လူဦးရေ(၁၆၀)ဦးအတွက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)