ပွင့်ဖြူ၊ ၁၇ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်၊ ဌာနခွင့်ပြုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် ကံဆွယ်ကျေးရွာရှိ ဒေသခံပြည်သူများ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ်ယာမြေဧက ၆၀၀ အကျိုးပြုစေမည့် ကျေးလက်ကုန်ထုတ်လမ်းအား တင်ဒါစနစ်ဖြင့် Real Land ကုမ္ပဏီမှ တာဝန်ယူဖောက်လုပ်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်နှင့် တာဝန်ရှိသူများအဖွဲ့က လုပ်ငန်းအရည်အသွေး ပြည့်မီမှု ရှိ/မရှိနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ၌ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်သည် မင်းဘူးခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးနှင့် ဝန်ထမ်းများ၊ ပွင့်ဖြူမြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများ၊ ကျေးရွာလမ်းကော်မတီဝင်များ လိုက်ပါ၍ ကံဆွယ်ကျေးရွာနေပြည်သူများ (နွေ၊ မိုး၊ ဆောင်း) ရာသီမရွေး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ဌာနခွင့်ပြုရန်ပုံငွေကျပ် ၂၈ ဒသမ ၅ သန်းဖြင့် လမ်းအရှည်ပေ ၅၂၈၀ ပေအား အကျယ် ၁၂ ပေ၊ ထု ၁ ပေ ကိုးလက်မရှိ ကျောက်ရောမြေတင်၍ မြေနီကျောက်စရစ် အမျိုးအစား ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ယူဆောင်ရွက်သော Real Land ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာက လတ်တလော ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းအရည်အသွေး ပြည့်မီစွာ ဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက ဒေသခံကျေးလက်နေပြည်သူများ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးလက်ကုန်ထုတ်လမ်းအား ရေရှည်အကျိုးပြု သွားလာအသုံးပြုနိုင်ရေး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေး ပြည့်မီရန်နှင့် အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ ကံဆွယ်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းကို တင်ဒါစနစ်ဖြင့် Real Land ကုမ္ပဏီမှ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၂၅ ရက်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ၃၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်းနှင့် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက ဒေသခံတောင်သူများ စိုက်ပျိုးလုပ်ကိုင်နေသည့် လယ်ယာမြေဧက ၆၀၀ ခန့်အား ရာသီမရွေး အဆင်ပြေချောမွေ့စွာ သွားလာစိုက်ပျိုးလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံက သိရသည်။
ရဲဝင်းနိုင် (ပြန်/ဆက်)


