နေပြည်တော် ၊  ၁၇  ဇန်နဝါရီ

ကမ္ဘာ့ဘဏ်ချေးငွေဖြင့် မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးစနစ်ဖွံ့ဖြိုးရေးစီမံကိန်း (National Food and Agriculture System Project - NFASP) ဖြင့် ဆောင်ရွက်မည့်  ဆင်သေဆည်ရေသောက်စနစ်၊ လက်ယာမြောင်းမကြီး အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းအား ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွဋ်၊ ညွှန်ကြားရေးမှူး (နေပြည်တော်)နှင့် တာဝန်ရှိသူများ ဇန်နဝါရီ ၁၆ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ညွှန်ကြားရေးမှူး (နေပြည်တော်)က ဆင်သေလက်ယာ မြောင်းမကြီး တစ်လျှောက်ရေစီးရေလာ ကောင်းမွန်စေရေး၊ ရေပေးဝေရာတွင် ထိထိရောက်ရောက် အကျိုးရှိစွာပေးဝေနိုင် ရေးအတွက် လိုအပ်လျက်ရှိသော ရေအားအဆောက်အအုံများ ထည့်သွင်းတည်ဆောက်နိုင်ရေး၊ ရေလေလွင့် ဆုံးရှုံးမှုမရှိစေရေးအတွက် မြေသားမြောင်းများအား ကျောက်လိုင်နင်စီခြင်းလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က မြေပြင်အမှန်တကယ် လိုအပ်မှုအခြေအနေကို သေချာစွာစိစစ်၍ လုပ်ငန်းဦးစားပေးအလိုက် ဆောင်ရွက်ရန်၊ မိမိတို့တတ်မြောက် ထားသည့် ဆည်မြောင်းအင်ဂျင်နီယာပညာရပ်များကို အကျိုးရှိအောင်ဖော်ထုတ်အသုံးချကြရန်၊ နိုင်ငံတကာတွင် တိုးတက်ပြောင်းလဲလျက်ရှိသော နည်းပညာသစ်များကို စူးစမ်းရှာဖွေ ကြံဆ၍ မိမိတို့ဒေသနှင့် ကိုက်ညီအောင် လေ့လာအသုံးချကြရန်၊ လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင်လည်း သက်ဆိုင်ရာတာဝန်ခံ အဆင့်ဆင့်မှ တာဝန်ခံမှု တာဝန်ယူမှုရှိစွာဖြင့် ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆင်သေလက်ယာမြောင်းမကြီး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား (၂၀၂၁-၂၀၂၂) ခုနှစ်နှင့် (၂၀၂၂-၂၀၂၃) ခုနှစ်များတွင် (၂) နှစ် စီမံကိန်းအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းများအားလုံးပြီးစီးပါက ဆင်သေလက်ယာမြောင်းမကြီး၏ မူလရေသောက်ဧရိယာ (၄၀၀၀) ဧကကျော်အား စိုက်ပျိုးရေ ပြည့်စုံလုံ လောက်စွာ ပေးဝေနိုင် မည့်အပြင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဆင်သေလက်ယာ မြောင်းမကြီး အဖျားပိုင်းလယ်မြေ (၃၀၀၀) ဧကကျော်အား စိုက်ပျိုးရေ တိုးတက်ပေး ဝေသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

တင်မောင်လွင်(မြန်မာ့အလင်း)