၁၈  ဇန်နဝါရီ

ကိုဗစ်ကာလအလွန် ခရီးသွားလည်ပတ်နိုင်သည့် ရန်ကုန်မြို့၏ အနောက်ဘက်ခြမ်းတွင် တည်ရှိသော ဒလမြို့နယ်၌ အထင်ကရနေရာများ၊ ခေတ်မီပြောင်းလဲတိုးတက်လာမည့် မြို့ပြအခြေအနေများ၊ ဒေသခံပြည်သူများ၏ လူနေမှုဘဝပုံစံများကို   လည်ပတ်လေ့လာနိုင်သလို၊   တွံတေးမြို့ရှိ သမိုင်းဝင် အဆောက်အအုံများ၊ ရှေးဟောင်းစဉ့်ဖိုများ၊ ကျုံး၊ နန်းတော်ကုန်းနေရာနှင့်   အထင်ကရနေရာများ၊   အိုးလုပ်ငန်း၊  ဝါးဖြင့်ပြုလုပ်သည့် ဆန်ကော၊ ဆန်ခါလုပ်ငန်းများကို  လေ့လာနိုင်ပေသည်။  ထို့အတူ ကွမ်းခြံကုန်းမြို့နယ် ကညင်ကုန်းကျေးရွာအုပ်စုရှိ  သဘာဝအလျောက် ဖြစ်တည်နေသော  ဆယ်အိမ်တန်းကျေးရွာနှင့် အလယ်ရွာကျေးရွာကြားရှိ ဆယ်အိမ်တန်းပင်လယ်ကမ်းခြေတို့သို့   လာရောက်အပန်းဖြေနိုင်ပေသည်။

ရန်ကုန်မြို့ မြစ်တစ်ဖက်ကမ်းရှိ ဒလမြို့ လူထုအခြေပြုခရီးသွားလုပ်ငန်း

ဒလမြို့နယ်သည် ကမ္ဘာလှည့်ခရီးသွားများနှင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ နေ့စဉ်နှင့်အမျှ ဝင်ရောက်လည်ပတ်လျက်ရှိသော   နယ်မြို့လေးတစ်မြို့ ဖြစ်သည်။  ထို့အတူ အနယ်နယ်အရပ်ရပ်က ခရီးသွား ပြည်သူများအနေဖြင့် ရန်ကုန်မြို့သို့ ဒလမြို့နယ်မှတစ်ဆင့် သွားလာကြရာတွင် ရန်ကုန်မြစ်တွင်း   ချယ်ရီသင်္ဘောများဖြင့် ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့သင်္ဘောဆိပ်ကမ်း၌ လူးလာခေါက်တုန့် ပို့ဆောင်ပေးလျက်ရှိသော ဆိပ်ကမ်းတစ်ခုဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီအချိန်ကာလက  အဆိုပါ ဆိပ်ကမ်းတွင်   ခရီးသည်ပြည်သူ  ၃၀၀၀၀  ကျော်ခန့် ကူးသန်းသွားလာလျက်ရှိသလို ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များဖြစ်သည့် ဥရောပနိုင်ငံသားများ အများဆုံး ဒလမြို့နယ်အတွင်းသို့ ဝင်ရောက်လည်ပတ်ကြသည်။ ခရီးသွားဧည့်သည်အများစုမှာ အနှေးယာဉ် ဆိုက်ကားများစီး၍ ပုသိမ်ထီးများဆောင်းကာ မြို့နယ်အတွင်း လှည့်လည်မှုကြောင့် ခရီးသွားများ   နှစ်ခြိုက်စေသော   ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတစ်ခုပင်ဖြစ်သလို   နိုင်ငံခြားသား ခရီးသွားဧည့်သည်များ   လည်ပတ်မှုကြောင့် ဒလမြို့ရှိ ဒေသခံအနှေးယာဉ်လုပ်သားကြီးများ၏ မိသားစုဘဝများ အဆင်ပြေလျက်ရှိသည်။

ခရီးစဉ်တစ်လျှောက်တွင်  ဒလမြို့နယ်၏ အထင်ကရ ဖြစ်သော ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေစာရံ စေတီတော်မြတ်ကြီး၊  ရဟန္တာဦးပညာစံကျောင်း၊  ဒေသခံ ပြည်သူများ၏  လူနေထိုင်မှုဘဝပုံစံများ၊  ဝါးဓနိများဖြင့် ဆောက်ထားသော တံငါသည် အိမ်လေးများ၊ လယ်ယာမြေရှုခင်း၊ ဈေးများ၊  Recycle ပလတ်စတစ်လုပ်ငန်း၊ တစ်ပိုင်တစ်နိုင်စီးပွားဖြစ် ဖယောင်းတိုင်လုပ်ငန်း၊ ကော်ပြန့်လိပ်လုပ်ငန်းများကို  လေ့လာနိုင်ရန်  အနှေးယာဉ် ဆိုက်ကားများဖြင့် လှည့်လည်ပြီး ခရီးသွားဝန်ဆောင်မှုပေးနိုင်သော လုပ်ငန်းများစွာရှိခြင်းကြောင့်ပင် ဖြစ်သည်။

သြဂုတ် ၈  ရက်က  ဒလမြို့နယ်၌   ကျင်းပသည့်  COVID-19 Relief Package(1)  ခရီးသွားလုပ်ငန်း(အခြေခံ) သင်တန်းတွင် ဒလမြို့နယ်ရှိ   ဒေသခံအနှေးယာဉ်လုပ်သား ၁၆ ဦးနဲ့ ဈေးသည် လေးဦး  စုစုပေါင်းသင်တန်းသား  ၂၀ တက်ရောက်ခဲ့ပြီး ခရီးသွားအခြေခံလုပ်ငန်းများနှင့် ပတ်သက်၍  ဘာသာစကားများ၊  ဧည့်ဝန်ဆောင်မှုများနှင့် စည်းမျဉ်းစည်းကမ်းများကို   သင်ကြားပို့ချပေးမှုကြောင့်   ဒေသခံအနှေးယာဉ်လုပ်သားများ အကျိုးရှိစွာဖြင့် သင်ကြားတတ်မြောက်ခဲ့ကြသည်။

ရှေးဟောင်းအမွေအနှစ်များစွာနှင့် အိုးလုပ်ငန်း၊ ဝါးလုပ်ငန်းများကို  တွံတေးမြို့၌ လည်ပတ်လေ့လာနိုင်

ဒလမြို့နယ်နှင့် တစ်ဆက်တည်းရှိသော တွံတေးမြို့နယ်တွင် လူထုအခြေပြုခရီးသွားခရီးစဉ်သစ်တစ်ခုကို ဖော်ဆောင်ထားခဲ့ပြီးဖြစ်သည်။ လူထုအခြေပြုခရီးသွား ခရီးစဉ်သစ်ဖြစ်သော တွံတေးမြို့နယ် ကျိုက်သလဲကျေးရွာ အုပ်စု (အလယ်ပိုင်း)တွင်  တစ်နိုင်တစ်ပိုင်  အသက်မွေး ဝမ်းကျောင်းပြုလုပ်ကြသည့် လက်မှုလုပ်ငန်းများအနေဖြင့်  ဝါးဖြင့်  တောင်း၊  ဆန်ကော၊  ဆန်ခါပြုလုပ်ခြင်း၊  အိုးဘို အနောက်ရပ်ကွက်ရှိ   အိုးရုံများတွင် အိုးများပြုလုပ်သည့် ရိုးရာယဉ်ကျေးမှု  လက်မှုလုပ်ငန်းများကို  ကြည့်ရှုနိုင်ပေ သည်။ ထို့အတူ တွံတေးတောကြီးတန်း ရန်ကုန်ပါဒကျေးရွာအုပ်စု ကန်ကြီးကုန်းကျေးရွာ ကျောက်ဖျာစမ်းရှိ ဦးကြာကန်+ဒေါ်ညွန့်ရီ ခြံအတွင်း၌    ရှေးဟောင်းစဉ့်ဖို အမှတ်(၁) နှင့် စဉ့်ဖိုအမှတ်(၂)ဟူ၍ အမြွှာညီနောင်ဖို နှစ်ဖို နှင့် ဘုရားကြီးကျေးရွာ၌ စဉ့်ဖိုတစ်ဖို  စုစုပေါင်းသုံးခုတို့ကို ရှာဖွေတူးဖော်တွေ့ရှိခဲ့ရာ အေဒီ ၁၅ ရာစုခန့်က ရှေးဟောင်း စဉ့်ဖိုများအဖြစ် မှတ်တမ်းတင်ထိန်းသိမ်းစောင့်ရှောက်ထားမှုကို လေ့လာနိုင်သလို     ရွှေဆံတော်ရပ်ကွက်ရှိ ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ရှေးဟောင်း သမိုင်းဝင်ရွှေဆံတော် စေတီတော်မြတ်ကြီး၊ အနော်ရထာမင်းကြီးတည်ထားကိုးကွယ်ခဲ့သော စမ်းရွာရှိ ရှေးဟောင်း မောင်းတီးစေတီတော်တို့သို့ သွားရောက်ဖူးမြော်ကြည်ညိုနိုင်ပေသည်။ ဆက်လက်၍ ရှေးဟောင်းမြို့ရိုး၊ မြို့ဟောင်း၊ ကျုံးနေရာ    စသည့်နေရာများသို့    လည်ပတ်လေ့လာနိုင် ပေသည်။ 

မြန်မာ့ယဉ်ကျေးမှု   အမွေအနှစ်ဇုန်အဖြစ်   ရန်ကုန် တောင်ပိုင်းခရိုင်  တွံတေးမြို့နယ်  စမ်းရွာရှိ  ရှေးဟောင်း မောင်းတီးစေတီတော်၊ ရွှေဆံတော်ရပ်ကွက်ရှိ ဆံတော်ရှင် ဆုတောင်းပြည့် ရွှေဆံတော် စေတီတော်မြတ်ကြီးတို့အား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်းအထိမ်းအမှတ်    အဆောက်အအုံတည်ရှိရာ ဇုန်အဖြစ် ထုတ်ပြန်သတ်မှတ်ခဲ့ပြီး  ပညာရှင်များ၊  သုတေသီများ၊ လေ့လာသူများနှင့်   ခရီးသွားဧည့်သည်များ   လေ့လာမှု များပြားခဲ့သည်။

လူသိများစည်းကားလာခဲ့သော ကွမ်းခြံကုန်းမြို့နယ်ရှိ ဆယ်အိမ်တန်းကမ်းခြေ

ဒလမြို့နယ် နှင့် ၃၈ မိုင်ဝေးသည့် ဒလ-ဓနုတ်-လက်ခုပ်ကုန်း-ကညင်ကုန်း လမ်းပိုင်းတွင်ရှိသော ပင်လယ်ကမ်းစပ်နှင့်   ထိစပ်လျက်ရှိသည့်   ကွမ်းခြံကုန်းမြို့နယ် ကညင်ကုန်းကျေးရွာအုပ်စု ဆယ်အိမ်တန်း ကျေးရွာနှင့် အလယ်ရွာကြားရှိ ပင်လယ်ကမ်းခြေမှာ ၂၀၁၆ ခုနှစ်တွင် စတင်ပြီး အပန်းဖြေသူများ လာရောက်မှုကြောင့်  လူသိများလာကာ စည်ကားလာခဲ့သည်။

ကညင်ကုန်းကျေးရွာအုပ်စု  ဒေသခံပြည်သူ ကိုတင်လင်းအောင်က “ဆယ်အိမ်တန်းကမ်းခြေရဲ့ အနေအထားက ရေတက်၊ ရေကျချိန်မှာတောင် ကမ်းကနေ ကိုက် ၂၀၀ ကျော်လောက်  သွားလို့ရတယ်။ အသက်အန္တရာယ် မရှိဘူး၊ လက်ရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ကာလမှာတော့ မဖွင့်ပေးသေးဘူး ပိတ်ထားပါတယ်။ ရောဂါ အခြေအနေတည်ငြိမ်သွားတဲ့အခါကျမှ ပြန်လည်ပြီး ဖွင့်လို့ရမှာပါ။ ဆယ်အိမ်တန်းကျေးရွာမှာ  ဟိုတယ်တစ်ခုနှင့်   အလယ်ရွာမှာ   ဟိုတယ်တစ်ခု   စုစုပေါင်းနှစ်ခု ဆောက်လုပ်ထားပါတယ်” ဟု ပြောသည်။

 ကညင်ကုန်းကျေးရွာအုပ်စုအတွင်း၌ ကညင်ကုန်း၊ ကျောင်းကုန်း၊ ညောင်နီကုန်း၊ ဆယ်အိမ်တန်း၊ အလယ်ရွာ၊ အောက်ဆိပ်ချောင်းဝကျေးရွာ    စသည့်ကျေးရွာပေါင်း ခြောက်ရွာရှိပြီး  အိမ်ခြေပေါင်း ၁၅၀၆ အိမ်၊  အိမ်ထောင်စု ပေါင်း   ၁၁၈၄  စု  နေထိုင်လျက်ရှိကြောင်း၊ ဒေသခံပြည်သူ အများစုသည် ပင်လယ်ပြင်အတွင်း ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူအများစုဖြစ်ပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်သူ အနည်းငယ်သာရှိကြောင်း သိရသည်။ 

ဆယ်အိမ်တန်းကမ်းခြေမှာ  အလျား ၂၇၃၉ ပေ၊ ရေကျချိန်တွင် အနံပေ  ၂၅၀ ကျော် ၃၀၀ နီးပါးခန့်ရှိကြောင်း၊   ကမ်းခြေတစ်လျှောက်တွင်   ဆိုင်ခန်းပေါင်း  ၅၀  ကျော် ဖွင့်လှစ်ထားရှိပြီး  ပင်လယ်စာ အစားအစာများဖြစ်သော ငါးသလောက်အိုးမှောက်၊   ဂဏန်းချဉ်စပ်၊   ပုဇွန်ချဉ်စပ်  စသည့်အစားအသောက်မျိုးစုံ ရောင်းချနိုင်မှုကြောင့် ကမ်းခြေတစ်လျှောက်ရှိ   ဒေသခံပြည်သူများ၏    အလုပ်အကိုင်များ ဖန်တီးပေးနိုင်ခြင်းနှင့် တစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်စေသလို မိသားစုစားဝတ်နေရေးအတွက် ပိုမို၍ အဆင်ပြေလာခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ   ခရီးသွားပြည်သူ အများစုသည် အချိန်ကုန်၊ ငွေကုန်ကြေးကျများစွာဖြင့် ချောင်းသာ၊ ငွေဆောင်၊ ငပလီ စသည့် ပင်လယ်ကမ်းခြေများ သို့ ခြေဦးမလှည့်ကြဘဲ  စနေ၊ တနင်္ဂနွေနေ့များနှင့် အများ ပြည်သူအားလပ်ရက်ရှည်ကာလများတွင် မိသားစုအလိုက်၊ သူငယ်ချင်းအပေါင်းအသင်းများဖြင့် ရန်ကုန်မြို့နှင့် အနီးဆုံးဖြစ်သည့်  ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ဆယ်အိမ်တန်းကမ်းခြေသို့          ကိုဗစ်ကာလအလွန်၌ လာရောက်အပန်းဖြေလည်ပတ်နိုင်ကြောင်း   ဖိတ်ခေါ်လိုက်ပါသည်။

ကိုဗစ်-၁၉ ရောဂါ ကာလအလွန်   ဆယ်အိမ်တန်း ကမ်းခြေသို့ မော်တော်ကားများ၊ အငှားယာဉ်များ၊ သုံးဘီး ဆိုင်ကယ်များ၊  ဆိုက်ကယ်များဖြင့် လာရောက်လည်ပတ် နိုင်သည်။      မိုင်အားဖြင့်    ဒလမြို့နယ်မှ  ၃၈   မိုင်၊ ကော့မှူးမြို့နယ်မှ ၂၇ မိုင်၊ ကွမ်းခြံကုန်းမြို့နယ်မှ ၂၃ မိုင် ခြောက်ဖာလုံရှိပြီး ဒလမြို့နယ်မှတစ်ဆင့် မော်တော်ယာဉ် များ၊ ဆိုင်ကယ်များဖြင့် မောင်းနှင်ချိန် ၂ နာရီနီးပါးခန့် ကြာမြင့်မည်ဖြစ်သည်။ ထို့အတူ လှိုင်သာယာတံတားမှတစ်ဆင့် သွားရောက်လည်ပတ်လိုပါက ကော့မှူးမြို့နယ် လမ်းဆုံမှ    ဝါးဘလောက်သောက်-လက်ခုပ်ကုန်း-ကညင်ကုန်း လမ်းကြောင်းအတိုင်း သွားရောက်လည်ပတ် နိုင်ပေသည်။

သတင်းဆောင်းပါး-နိုင်လင်းကျော်