မတ္တရာ၊ ၁၈ ဇန်နဝါရီ

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ၊ ကျေးရွာလူထုထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်ခဲ့ပြီး မတ္တရာမြို့နယ်အတွင်း ကျေးရွာ ၂၀၀ မြောက် လျှပ်စစ်မီးလင်းသော ဝန်စုကျေးရွာအုပ်စု ရေချောင်းဘိုကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက ကျင်းပသည်။

 

ရှေးဦးစွာ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကို ကျေးရွာထရန်စဖော်မာရှေ့တွင် ကျင်းပရာ လျှပ်စစ်မီးခလုတ်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလွင်မှ ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း၊ ပြင်ဦးလွင်ခရိုင် လျှပ်စစ်မန်နေဂျာ ဦးမြသောင်း၊ မတ္တရာမြို့နယ် လျှပ်စစ်မန်နေဂျာနှင့် ကျေးရွာမီးလင်းရေးကော်မတီဝင်များမှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။

 

ထို့နောက် အခမ်းအနားကို ကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းမှ လျှပ်စစ်ဓာတ်အားလုပ်ငန်း ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာသူများ လျှပ်စစ်အန္တရာယ် အသိပညာပေးဗီဒီယိုကို ပြသခဲ့ပြီး ပြင်ဦးလွင်ခရိုင် လျှပ်စစ်မန်နေဂျာ ဦးမြသောင်းမှ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ သိကောင်းစရာများအား ရှင်းလင်းပြောကြားကာ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဝေဖြိုးအောင်မှ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်း စာစောင်များအား ကျေးရွာမီးလင်းရေးကော်မတီသို့ ပေးအပ်ခဲ့သည်။ ယင်းနောက် လျှပ်စစ်မီးလင်းရေးတွင် ပါဝင်လှူဒါန်းသော အလှူရှင်များအား ခရိုင်နှင့် မြို့နယ် လျှပ်စစ်မန်နေဂျာတို့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြပြီး ကျေးရွာမီးလင်းရေးကော်မတီဥက္ကဋ္ဌမှ ကျေးဇူးတင်စကားပြောကြားသည်။

 

“မျှော်လင့်နေခဲ့တာတော့ ကြာပါပြီ။ တအားကို ပီတိဖြစ်တယ်၊ မီးရလာတဲ့အခါ ချက်ရေးပြုတ်ရေး၊ စိုက်ပျိုးရေးကအစ အကုန်အဆင်ပြေတယ်၊ ရေမီးအပြည့်အစုံနဲ့ နေရတယ်၊ ညအချိန် ကလေးတွေစာကြည့်တဲ့အခါမှာ အကုန်အဆင် ပြေသွားပါပြီ” ဟု ကျေးရွာရပ်မိရပ်ဖတစ်ဦးမှ ပြောသည်။

 

မတ္တရာမြို့နယ်၌ ကျေးရွာပေါင်း ၂၈၈ ရွာရှိပြီး ယနေ့ ကျေးရွာ (၂၀၀) ရွာမြောက်အဖြစ် လျှပ်စစ်မီးလင်းခဲ့သော ရေချောင်းဘိုကျေးရွာတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ကျေးရွာသို့ လျှပ်စစ်ထရန်စဖော်မာ ထားရှိပြီးသည်အထိ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ကျေးရွာတွင်း လျှပ်စစ်ဗို့အား ၄၀၀ လိုင်းအား ကျေးရွာထည့်ဝင်ငွေ ကျပ်သိန်း(၁၈၀)ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါကျေးရွာတွင် အိမ်ခြေ ၁၂၈ အိမ်ရှိပြီး ၁၂၀ မှာ လျှပ်စစ်မီးလင်းနေပြီဖြစ်ကာ ကျန်ရှိနေအိမ်များကိုလည်း လျှပ်စစ်မီးလင်းရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)