၁၈ ဇန်နဝါရီ

 

 

ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ကူးစက်ခံရမှုကြောင့် ကမ္ဘာတစ်ဝန်းတွင် ခရီးသွားလာခြင်းများ ရပ်ဆိုင်းခဲ့သဖြင့် ၂၀၂၀ ခုနှစ်တွင် လေကြောင်း ခရီးသွားများ  ၆၀ ရာခိုင်နှုန်း လျော့ကျသွားသည်ဟု ကုလသမဂ္ဂလေကြောင်း အေဂျင်စီက ဆိုသည်။

 

 

အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့အစည်း (အိုင်စီအေအို)က ၂၀၂၀ ခုနှစ်တွင် ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ ခရီးသွား အရေအတွက် ၁ ဒသမ ၈ ဘီလီယံရှိသည်ဟု ဆိုသည်။ ယခင်နှစ်က ခရီးသွား အရေအတွက် ၄ ဒသမ ၅ ဘီလီယံရှိရာမှ လျော့ကျသွားခြင်း ဖြစ်သည်။

 

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှုများ ဖြစ်ပွားသဖြင့် ကမ္ဘာ့တစ်ဝန်းရှိ အစိုးရများက နိုင်ငံတကာ ခရီးသွားလာမှုကို ကန့်သတ်ထားပြီး နိုင်ငံသားများ နေအိမ်မှာပင် နေထိုင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

 

 

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထိုစီမံချက်များကြောင့် ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးများ ၅၀ နှင့် ၇၄ ရာခိုင်နှုန်း အသီးသီး လျော့ကျခဲ့သည်။

 

 

အဆိုပါ လေကြောင်း ခရီးသွား လျော့ကျမှုသည် ကမ္ဘာတစ်ဝန်းရှိ အလုပ်အကိုင် သန်းပေါင်းများစွာကို ခြိမ်းခြောက်နေပြီး ဝင်ငွေ ဒေါ်လာ ဘီလီယံ ၃၇၀ နစ်နာခဲ့သည်ဟု အိုင်စီအေအိုက ဆိုသည်။

 

 

ယခုနှစ် ဒုတိယသုံးလပတ်တွင် ခရီးသွားဦးရေ တိုးလာရန် မျှော်မှန်းထားကြောင်း  ထိုအေဂျင်စီက ပြောသော်လည်း ထိုခရီးသွားလာရေး ပြန်လည်ကောင်းမွန်လာမှုသည် ကူးစက်ရောဂါဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ကာကွယ်ဆေးထိုးနှံမှုတို့၏ အကျိုးသက်ရောက်မှုတို့နှင့် သက်ဆိုင်မည် ဖြစ်ကြောင်း ၎င်းအေဂျင်စီက ထပ်လောင်းပြောကြားသည်။

 

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို