ရန်ကုန်၊ ၁၈ ဇန်နဝါရီ
လူရည်ချွန် (၁၉၆၄-၈၈) အဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဇန်နဝါရီ ၁၇ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီအထိ ကျင်းပခဲ့ရာ ပြည်တွင်းပြည်ပမှ လူရည်ချွန်ပေါင်း (၅၀၀) ကျော် တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် လူရည်ချွန်အဖွဲ့၏ ဂုဏ်ထူးဆောင်နာယက ဒေါက်တာဦးသန်းဦးနှင့် နာယက အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာဖေသက်ခင်၊ ဒေါက်တာသန်းဝင်း၊ ဦးညိုမြင့်နှင့် ဥက္ကဋ္ဌ ဒေါက်တာတင့်တင့်ကြည်တို့မှ အမှာစကာများ ပြောကြားသည်။ ဆက်လက်၍ အဖွဲ့၏နှစ်ပတ်လည် အစီရင်ခံစာများ၊ ငွေစာရင်းရှင်းတမ်းများကို ဖတ်ကြားခဲ့ပြီး လူရည်ချွန်အဖွဲ့ခွဲများဖြစ်သော ရခိုင်အဖွဲ့ခွဲ၊ အထက်မြန်မာပြည်အဖွဲ့ခွဲ၊ မုံရွာ(စစ်ကိုင်းတိုင်းအဖွဲ့ခွဲ)မှ ပါဝင်ဆွေးနွေးကြသည်။ ဒုတိယပိုင်းတွင် ကြယ်မကြွေတဲ့ကောင်းကင် ကဗျာများရွတ်ဆိုခြင်းနှင့် စုပေါင်းအကပဒေသာများကို ဖန်တီးရိုက်ကူး တင်ဆက်ခြင်း စသည်တို့ဖြင့် ဆင်နွှဲခဲ့ကြသည်။
အစည်းအဝေးတွင် KBZ MS အထွေထွေအာမခံနှင့် KBZ LIFE အသက်အာမခံတို့၏ကိုယ်စား ဒုတိယဥက္ကဋ္ဌ လူရည်ချွန်ဦးညိုမြင့်နှင့် ဇနီး ဒေါက်တာနန်းခင်မေဖူးတို့မှ လူရည်ချွန်အဖွဲ့၏ ပညာရေးနှင့် အထွေထွေရန်ပုံငွေအတွက် ကျပ်သိန်းနှစ်ရာ လှူဒါန်းခဲ့သည်။ ကမ္ဘောဇဘဏ်နှင့် ညီနောင်ကုမ္ပဏီများမှ (၂၀၁၄) ဇန်နဝါရီမှ စတင်ကာ လူရည်ချွန်အဖွဲ့သို့ လှူဒါန်းငွစုစုပေါင်းမှာ ကျပ်သိန်း(၄၀၀၀)ကျော် ရှိပြီဖြစ်ကြောင်း သိရှိရသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ကိုဗစ်ကာကွယ်ဆေးရန်ပုံငွေသို့ လူရည်ချွန်အဖွဲ့မှ စုပေါင်းလှူဒါန်းကြရန် နှိုးဆော်ခဲ့ကြပြီး ကနဦးမတည်မှုအတွက် ယူကေနိုင်ငံနေ ဒေါက်တာဦးချစ်ကိုကို (၁၉၇၂) လူရည်ချွန်က ငွေကျပ် သိန်း(၅၀)၊ အမေရိကန်နိုင်ငံမှ ဒေါက်တာစိုးနီ၊ ဒေါက်တာခင်ဉမ္မာ၊ ဒေါက်တာ စိုးမြင့်အောင် (၇-ထပ်ကွမ်းလူရည်ချွန်)တို့က (၁၃)သိန်း၊ ဦးလှိုင်မင်း (၃)သိန်း၊ ဒေါက်တာမြင့်မြင့်သိန်း (၃)သိန်း စသည်ဖြင့် ပါဝင်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
MDN


