ဝန်းသို၊ ၁၈ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာ (၈)ရွာတွင် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီးဘတ်ဂျက် တင်ဒါအောင်မြင်ငွေ ကျပ် စုစုပေါင်း ၂၂၅ ဒသမ ၁ သန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်း (၃)လမ်း ဖောက်လုပ်ခြင်းနှင့် ရေရရှိရေးလုပ်ငန်း ၄ လက်မစက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း (၆)ခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
ဝန်းသိုမြို့နယ် မြိုင်ဇေယျာကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း၊ ကနဖော့ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းနှင့် ယင်းလမ်းပေါ်ရှိ လိုအပ်သောတံတား တည်ဆောက်ခြင်း၊ ရေပြွန်လုပ်ငန်းများကို ယမုံကောင်းကုမ္ပဏီမှ ပြည်ထောင်စုဘတ်ဂျက် တင်ဒါအောင်မြင်ငွေကျပ် (၆၀ ဒသမ ၂၀)သန်းဖြင့် လည်းကောင်း၊ အောင်းပင်ကျေးရွာကုန်ထုတ်လမ်းကို တိုင်းဒေသကြီးဘတ်ဂျက်ငွေကျပ် (၈၉ ဒသမ ၉)သန်းဖြင့် ရွေသိန်းမိသားစု ဝန်ဆောင်မှုကုမ္ပဏီမှ လည်းကောင်း တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး ရေပေးရေးလုပ်ငန်း ၄ လက်မ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းများကို နောင်ကွင်းကျေးရွာ၊ ကျူတောကျေးရွာ၊ ဒုံးဒုတ်ကျေးရွာနှင့် အင်းပုဒ်ကုန်းကျေးရွာများတွင် ပြည်ထောင်စုဘတ်ဂျက် တင်ဒါအောင်မြင်ငွေ ကျပ် (၄၉ ဒသမ ၅)သန်းဖြင့် အောင်ခန့်ဝင်းကုမ္ပဏီက လည်းကောင်း၊ ခပ်ချိုကျေးရွာနှင့် မြိုင်ဇေယျာကျေးရွာတို့တွင် တိုင်းဒေသကြီးဘတ်ဂျက် တင်ဒါအောင်မြင်ငွေ ကျပ် (၂၅ ဒသမ ၅၀)သန်းဖြင့် သိန်းသန်းရတီကုမ္ပဏီတို့က လည်းကောင်း တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်သည်။
အဆိုပါဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းမိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၇ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒေါင်းမြူးခန်းမ၌ ကျင်းပပြုလုပ်ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးနှင့် ဒေါ်ခိုင်ခိုင်ဝင်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ကော်မတီဝင်များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများ၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်မည့် နေ့ရက်၊ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)


