ကော့သောင်း၊ ၁၈ ဇန်နဝါရီ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကော့သောင်းခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဖောက်လုပ်ပြီးစီးသည့် ကော့သောင်းမြို့နယ်၊ ဇာဒက်ကြီးကျွန်းပတ်လမ်း (၁၄)မိုင်အတွင်း ယခုနှစ်အတွင်း ကျောက်ချောလမ်း (၂)မိုင်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကော့သောင်းခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများ ဇန်နဝါရီ ၁၇ ရက်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဇာဒက်ကြီးကျွန်းသည် ကော့သောင်းမြို့ အနောက်တောင်ဘက် ရေမိုင် (၂၄)မိုင်အကွာ ပင်လယ်ပြင်အတွင်းရှိပြီး ကျွန်းပေါ်တွင် ဒေသခံ ဆလုံလူမျိုးများနေထိုင်သည့် အိမ်ခြေ ၂၀၀ ခန့်ရှိ ဇာဒက်ကြီးကျေးရွာ တည်ရှိကာ ကျွန်းပတ်လမ်းအရှည်မိုင် (၆၀)ကျော်ရှိ၍ လမ်းအရှည် (၁၄)မိုင်အထိ မြေသားလမ်း ဖောက်လုပ်ပြီးစီးနေပြီဖြစ်သည်။ အဆိုပါဖောက်လုပ်ပြီးစီးနေသည့် လမ်းပိုင်းပေါ်တွင် (၂)မိုင်ခန့်အား ကျောက်ချောခင်းခြင်း လုပ်ငန်းများအား နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကော့သောင်းခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဆောင်ရွက်နေခြင်း ဖြစ်သည်။
အဆိုပါလမ်းခင်းမှုလုပ်ငန်းများအား ဌာန၏စီစဉ်ကြီးကြပ်မှုဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေ ကျပ်သန်း ၂၆၅ ဒသမ ၂၈၃ ဖြင့် ထားဝယ်အလင်းရောင်သစ်(ကိုညီ) ကုမ္ပဏီမှ ကျောက်ချောလမ်း (၂)မိုင်ခင်းခြင်းလုပ်ငန်းအား လည်းကောင်း၊ မြန်မာရွှေကျွန်းယန္တရားကုမ္ပဏီမှ ရန်ပုံငွေ ကျပ်သန်း ၃၆၈ ဒသမ ၀၄ဖြင့် ကျွန်းပတ်လမ်းပေါ်ရှိ အတက်အဆင်း မတ်စောက်သည့်နေရာများတွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများအား လည်းကောင်း၊ ရိုးမသာရီအင်ဖရာဂိုးကုမ္ပဏီမှ ရန်ပုံငွေ ကျပ်သန်း ၂၃၇ ဒသမ ၄၉၂ ဖြင့် ကျွန်းပတ်လမ်းပေါ်ရှိ ပေ ၁၀၀ သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်မှု လုပ်ငန်းများကို လည်းကောင်း အသီးသီးဆောင်ရွက်လျက်ရှိရာ လမ်းပိုင်းဆောင်ရွက်မှုများအား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလက စတင်ဆောင်ရွက်ခဲ့ပြီး ကျောက်ချောလမ်းခင်းမှုလုပ်ငန်းအား ၂၀၂၁ ခုနှစ် ဇွန်လတွင် ပြီးစီးရန်လျာထားကြောင်း ကော့သောင်းခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆွေလင်းမြင့်၏ ပြောကြားချက်အရ သိရသည်။
ကျော်စိုး (ကော့သောင်း)


