ပဲခူး ၁၈ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဇန်နဝါရီ ၁၈ ရက် နံနက် ၁၁ နာရီခွဲက ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သော စမိုးချောင်းဟောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းတွင် ပါသွားသည့် လယ်ယာမြေများအတွက် မြေယာလျော်ကြေးပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အစိုးရတစ်ရပ်အနေဖြင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို စောင့်ရှောက်ပေးရခြင်းသည် အစိုးရတစ်ရပ်၏ တာဝန်တစ်ခုပင်ဖြစ်ကြောင်း၊ မြစ်ချောင်းများ၊ တိမ်ကောခြင်း၊ မြစ်/ချောင်းကွေ့ များပြားခြင်းများကြောင့် မလိုလားအပ်သော ချောင်းကမ်းပါးပြိုကျခြင်း၊ ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်ခြင်းတို့ကြောင့် လယ်ယာမြေများ၊ နေအိမ်များနှင့် ပြည်သူများ၏ အသက်များပင် ဆုံးရှုံးခဲ့ရသည့် သာဓကများပင်ရှိကြောင်း၊ ဒီအခြေအနေများကို ကြိုတင်ရှောင်လွှဲနိုင်ရန်အတွက် မြစ်/ချောင်းကွေ့များရှိ သဲသောင်များ ပြန်လည်တူးဖော်ခြင်း၊ မြစ်/ချောင်းဖြောင့်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မြစ်ချောင်းများနှင့်ပတ်သက်၍ ရေတိုကာကွယ်ရေး ရေထိန်းနံရံဆောင်ရွက်ခြင်း၊ ရေရှည်ကာကွယ်ရေးအတွက် လိုအပ်သော မြစ်ချောင်းများဖြောင့်ခြင်း၊ သဲသောင်များ ပြန်လည်တူးဖော်ခြင်း စသည့် စီမံကိန်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ဒါမှသာ မြစ်/ချောင်းကမ်းဘေးရှိ မြို့ပြ/ကျေးရွာများ ရေကြီးရေလျှံခြင်း၊ ကမ်းပါးမြိုခြင်းအန္တရာယ်များမှ ကင်းဝေးနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူ့အကျိုးမျှော်ကိုးကာ အနာဂတ်အတွက် မလုပ်မဖြစ်သည့် စီမံကိန်းတစ်ခုဖြစ်၍ မိမိတို့၏ လယ်ယာမြေများ ပါဝင်သွားမှုကို နားလည်ပေးနိုင်ပါရန်နှင့် ထိုက်သင့်သည့် နစ်နာကြေးများ၊ လျော်ကြေးငွေများ လာရောက်ပေးရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သော စမိုးချောင်းဖြောင့်ခြင်းလုပ်ငန်းတွင် ပါသွားသည့် ရေတာရှည်မြို့နယ်အတွင်းရှိ ဘိုးတော်ကုန်း၊ ကြံသနွယ်၊ ပေါက်ချောင်း၊ ခင်တန်းကြီးကျေးရွာအုပ်စု (၄)အုပ်စုမှ ကွင်း(၆)ကွင်းရှိ တောင်သူ(၅၆)ဦး၏ မြေဧရိယာ (၃၄ ဒသမ ၅၅)ဧကအတွက် မြေယာနစ်နာကြေးငွေကျပ် ၇၉၄၆၅၀၀ဝ အား ဝန်ကြီးချုပ် ဦးဝင်းသိန်းက တောင်သူများထံပေးအပ်ခဲ့သည်။
အဆိုပါချောင်းသည် ရေတာရှည်မြို့နယ်အတွင်း တည်ရှိပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၅၁ ဒသမ ၂၄၅)သန်းဖြင့် အလျား (၂၅၀၀၀)ပေ၊ အောက်ခြေအကျယ် (၂၀)ပေ၊ အနက် (၈)ပေ၊ ထိပ်ဝအကျယ် (၃၆)ပေအဖြစ် ရေတာရှည်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပေါက်ချောင်း၊ ဘိုးတော်ကုန်း၊ ခင်တန်းကြီး၊ ကြံသနွယ်ကျေးရွာအုပ်စုများမှ လယ်ယာမြေဧက (၃၀၀)အတွက် စိုက်ပျိုးရေးဖူလုံစွာ ရေပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတာရှည်မြို့နယ် မြို့ကွက်ချထားရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး မြိုကွက်ချထားရေးကော်မတီအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


