မိုးကောင်း၊ ၁၈  ဇန်နဝါရီ 

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကြာအင်းစုစည်းကျေးရွာအနီး လွိုင်ဟင်းချယ် တိမ်ပင်လယ်တောင်၏ ဒုတိယအဆင့်ရှိ သဘာဝအင်ကြင်းကျောက်များတည်ရှိရာ နေရာအား အပန်းဖြေ အနားယူရန်နေရာအဖြစ် ဖော်ဆောင်ထားပြီးဖြစ်ရာ ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းက လွိုင်ဟင်းပေါဝ်း အမည်ဖြင့် View Point ဖွင့်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကချင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းညွှန်ကြားမှု ဦးစီးဌာနမှ ပြည်နယ် တာဝန်ခံ ဦးခိုင်ဝင်း၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆန်းဝင်းအောင်၊ မြစ်ကြီးနားအခြေစိုက် ခရီးသွားကုမ္ပဏီများဖြစ်ကြသည့် နွေဦးခရီးသွား ကုမ္ပဏီလိမိတက်၊ Kasante Travel & Tour၊ Northen Eden Travel & Tour တို့မှ တာဝန်ရှိသူများ၊ We Love Mogaung အဖွဲ့ဝင်များက လွိုင်ဟင်းပေါဝ်း View Point ကို ဖွင့်လှစ်ပေးကြသည်။

ပြည်နယ်တာဝန်ခံ ဦးခိုင်ဝင်းက "အင်ကြင်းကျောက်ဖြစ်ဖို့ဆိုတာ နှစ်သန်းနဲ့ချီပြီး သဘာဝ သစ်ပင်တွေက ကျောက်တုံးအဖြစ်တည်ရှိတာဖြစ်တဲ့အတွက် ဒီလိုအဖိုးမဖြတ်နိုင်ဘဲ တန်ဖိုးရှိတဲ့ နေရာ ဒေသတစ်ခုကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းဖို့ ဆောင်ရွက်ရတာဖြစ်ပါတယ်" ဟု ပြောပြသည်။

 လွိုင်ဟင်းပေါဝ်း View Point တွင် တိမ်ပင်လယ်ကိုကြည့်ရှုနိုင်ပြီး လွိုင်ဟင်းချယ်တောင် တိမ်ပင်လယ် ကြည့်ရှုသူများ အပန်းဖြေအနားယူရန်၊ နေထွက်နှင့်နေဝင်ဆည်းဆာကြည့်ရှုနိုင်ရန် We Love Mogaung အဖွဲ့နှင့် ကြာအင်းရွာမလူငယ်များပူးပေါင်း၍ ချုံနွယ်များရှင်းလင်းခြင်း၊ ဒန်းများတပ်ဆင်ခြင်း၊ အဝင်ပေါက် မုခ်ဦးတပ်ဆင်ခြင်းများ ဆောင်ရွက်ထားရှိပြီးဖြစ်ရာ မိုးကောင်းမြို့ တိမ်ပင်လယ်ခရီးစဉ် ဒေသသစ်သို့ ဆောင်းတွင်းကာလမှမဟုတ်ပဲ ရာသီအချိန်မရွေး တက်ရောက်အပန်းဖြေ အနားယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)