ကန်ပက်လက်၊ ၁၈ ဇန်နဝါရီ
ချင်းပြည်နယ်၏ အထင်ကရနေရာတစ်ခုဖြစ်သည့် ဝိတိုရိယ(ခေါ်နူးစုမ်)တောင်ထိပ်နှင့် လူအများ အပန်းဖြေသည့် နေရာများ၌ ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ(DMO) အဖွဲ့က ဉီးဆောင်၍ ကန်ပက်လက်မြို့ လူငယ်များဖြင့် Plastic Campaign ဆောင်ရွက်ခြင်းကို ဇန်နဝါရီ ၁၇ ရက်က ပြုလုပ်ခဲ့သည်။
“အခုလို Plastic Campaign ပြုလုပ်တာကတော့ DMO အဖွဲ့ အနေနဲ့ ဒုတိယအကြိမ် ဖြစ်ပါတယ်၊ အခု တစ်ခေါက်မှာ DMO က ဉီးဆောင်ပြီးတော့ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ၊ "ခေါ်နူးမှာဝေတဲ့နှင်း" ဇတ်ကား ရိုက်ကူးနေကြတဲ့ ကန်ပက်လက်မြို့က သရုပ်ဆောင်တွေ၊ ကန်ပက်လက်မြို့က လူငယ်တွေနဲ့ဆောင်ရွက် ကြတာဖြစ်ပါတယ်၊ အမှိုက်တွေကိုတော့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရဲ့ အမှိုက်သယ်ယာဉ်နဲ့ စနစ်တကျ စွန့်ပစ်သွားကြမှာပါ”ဟု DMO အတွင်းရေးမှူး ဉီးမောင်းရှိန်းက ပြောပြသည်။
“ဝိတိုရိယတောင်ပေါ်ကို အလည်အပတ်လာကြတဲ့ မိဘပြည်သူတွေကို မိမိတို့ ယူလာကြတဲ့ စားစရာ၊ သောက်စရာ ကနေ ပါလာတဲ့ အမှိုက်တွေကို မိမိတည်းခိုတဲ့နေရာ၊ မိမိတို့အိမ်ကို ပြန်ယူသွားကြပြီး ချင်းပြည်နယ်ရဲ့ အထင်ကရ နေရာတစ်ခုဖြစ်တဲ့ ဝိတိုရိယ(ခေါ်နူးစုမ်)တောင်ရဲ့ ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးကို ဝိုင်းဝန်းထိန်းသိမ်း ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ကန်ပက်လက်မြို့ မြို့မ(၁)ရပ်ကွက်နေ မအိစန္ဒာမာန်က ပြောပြသည်။
ဝိတိုရိယ(ခေါ်နူးစုမ်)တောင်နှင့် လူအများ အပန်းဖြေသည့် နေရာများ၏ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပ ရေးနှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် ကြိုတင်ဆောင်ရွက်သင့်သည်များကိုလည်း ခရီးစဉ် ဒေသဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ(DMO)၏ ဆုံးဖြတ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြကြောင်း သိရသည်။
ကိုလိန်း(ပြန်/ဆက်)


