မိတ္ထီလာ၊ ၁၈ ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် မုန်တိုင်ကျေးရွာမှ ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၄၆ သန်းကျော်ဖြင့် ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လယ်ယာအထောက်အကူပြု ကုန်ထုတ်လမ်းသွယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လမ်းများ ခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၄၆ ဒသမ ၀၁၄ သန်းဖြင့် အရှည် ၁ မိုင် ၁ ဖာလုံရှိ မုန်တိုင်ကျေးရွာနှင့် လယ်ကွင်းအမှတ် (၈၈၃/၈၈၄)သို့ ဆက်သွယ်သောလမ်းအား မြေသားတင်ဂျင်းခင်းလုပ်ငန်းကို တင်ဒါအောင်မြင်သည့် သီရိမြင့်မိုရ်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်ထံမှ သိရသည်။

 

အဆိုပါ ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက အိမ်ခြေ ၅၀၀ ကျော် လူဦးရေ ၂၈၃၅ ဦးရှိသည့် မုန်တိုင်ကျေးရွာ၏ လယ်ယာလုပ်ငန်းမှ ထွက်ရှိလာသော ဒေသထွက်ကုန်များ ရာသီမရွေး သယ်ယူပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)