သထုံ၊  ၁၈  ဇန်နဝါရီ  

 

မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ မြို့နယ် လေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်အတွင်း မီးလောင်မှု စုစုပေါင်း ၃၈ ကြိမ်ဖြစ်ပွားခဲ့ပြီး အများစုမှာ ပေါ့ဆမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်‌ကြောင်း သထုံခရိုင် မီးသတ်ဦးစီးဌာနမှ  သိရသည်။

 

မီးလောင်မှုဖြစ်စဉ်များတွင် သတင်းပေးပို့နောက်ကျခြင်း၊ မီးသတ်ယာဉ်အဝင်အထွက် ခက်ခဲခြင်းတို့က မီးသတ်တပ်ဖွဲ့အနေဖြင့် မီးငြှိမ်းသတ်ရာ၌ အကန့်အသတ် အခက်အခဲများ ဖြစ်စေကြောင်း သထုံခရိုင် မီးသတ်ဦးစီးမှူး ဦးအောင်ကြင်ထွန်းက ပြောပြသည်။

 

သထုံခရိုင် မီးသတ်တပ်ဖွဲ့အနေဖြင့် မီးလောင်မှု ကြိုတင်ကာကွယ်ရေးအတွက် ရှောင်တခင်စစ်ဆေးခြင်း၊ အသိပညာပေး နှိုးဆော်ခြင်း‌တွေကို ပြည်သူတွေအကြားမှာ စဉ်ဆက်မပြတ် ဆောင်ရွက်နေသလို တပ်ဖွဲ့ဝင်များ အရည်သွေးမြင့်မားရေး၊ နည်းပညာမြင့်မားရေးနှင့် မီးငြှိမ်းသတ်သည့် ပစ္စည်းကိရိယာ‌တွေ စုံလင်ကောင်းမွန်ရေးတို့ကို အလေးထား ဆောင်ရွက်နေကြောင်း သိရသည်။

 

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်အထိ မီးလောင်မှုများမှာ ကျိုက်ထိုမြို့နယ်တွင် ကိုးကြိမ် ဘီးလင်းမြို့နယ်တွင် ကိုးကြိမ်၊ သထုံမြို့နယ်တွင် ၁၁ ကြိမ်၊ ပေါင်မြို့နယ်တွင် ၉ ကြိမ်ဖြစ်ခဲ့ပြီး အများ ဆုံးမှာ ပေါ့ဆမီးများဖြစ်သည်။ အဆိုပါ မီးလောင်မှုများကြောင့် အိမ်ခြေ ၄၃ လုံး ပျက်စီး၍ လူ နှစ် ဦးဒဏ်ရာရကာ တစ်ဦးသေဆုံးပြီး တန်ဖိုး‌ ငွေကျပ် သိန်း ၁၆၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

သက်ဦး(သထုံ)

 

222-18