ကျုံပျော်၊ ၁၉ ဇန်နဝါရီ
ပြည်သူများမီးဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးမှုမရှိစေရေး၊ ဈေးအတွင်းရှိ ကုန်စည်များ မီးဘေးအန္တရာယ် ကျရောက်မှုမရှိစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် ခြင်းကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် မြို့မဈေးအတွင်း၌ ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မန်းဂျော်နီ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုး၊ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးခင်မောင်သန်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦး အောင်စိန်ဘွင့်နှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ မြို့မဈေး မီးဘေးလုံခြုံရေးအဖွဲ့များ ပူးပေါင်းကာ အောက်ဆီဂျင်ဖြတ် မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး ဖြင့် မီးငြှိမ်းသတ်နည်း၊ ရေဖြင့်ပက်ဖျန်း မီးငြှိမ်းသတ်နည်းတို့ကို လက်တွေ့သရုပ်ပြသကာ ဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။
ကျုံပျော်မြို့ မြို့မဈေးအတွင်း မီးဘေးလုံခြုံရေးအတွက် အသင့်သုံး မီးသတ်ရေငုတ်များ၊ ရေစက်နှင့် မီးသတ်ရေပိုက်များအပြင် မီးသတ်ဆေးဘူးများကိုလည်း အဆင်သင့်အသုံးပြုနိုင်ရန် ဈေးရုံများအတွင်း ချိတ်ဆွဲထားရှိပေးထားကြောင်း သိရသည်။
နေဝင်းမြင့်(ကျုံပျော်)


