ခင်ဦး၊ ၁၉ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက စပါးခွံဖြင့် စပါးခွံမီးခိုးပေါင်းခံရည် ပြုလုပ် သုံးစွဲခြင်းသရုပ်ပြပွဲကို အောင်မင်္ဂလာရပ် ဦးဝင်းထွန်း၏ လယ်ကွင်း၌ ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက လက်တွေ့သရုပ်ပြသသည်။
လက်တွေ့ပြသရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်လှကြိုင်က စပါးခွံမီးခိုးပေါင်းခံရည် ပြုလုပ်သုံးစွဲခြင်းဖြင့် အပင်များ အတွက် အသုံးဝင်ပုံကို ရှင်းလင်းပြောကြားပြီး ဦးဝင်းထွန်းက တစ်နိုင်တစ်ပိုင် ပြုလုပ်သုံးစွဲနေသည့် အတွေ့အကြုံများကို တောင်သူများအား ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဒေါ်သင်းသင်းအေးက ပေါင်းခံရည် တစ်လီတာနှင့် ငရုတ်သီး ငါးကျပ်သားဖြင့် သုံးလ စိမ်လျှင် ပိုးသတ်ဆေးရရှိကြောင်း၊ ပေါင်းခံရည် တစ်လီတာနှင့် ကြက်သွန်ဖြူ ငါးကျပ်သားဖြင့် သုံးလစိမ်လျှင် မှိုရောဂါကာကွယ်ဆေး ရရှိကြောင်း၊ ပေါင်းခံရည် တစ်လီတာနှင့် ငါးကလီစာ ၂၀ ကျပ်သားဖြင့် ခြောက်လစိမ်လျှင် မှိုသတ်ဆေး ရရှိကြောင်း၊ ပေါင်းခံရည် တစ်ဆ ရေ ၅၀၀ မှ ၁၀၀၀ ဆ ရောဖျန်းလျှင် အားဆေးနှင့် ပေါင်းခံရည် တစ်ဆ ရေ ၁၀ မှ ၁၅ ဆဖြင့် ရောဖျန်းလျှင် ပေါင်းသတ်ဆေး ရရှိကြောင်း၊ လယ်တစ်ဧကလျှင် ပေါင်းခံရည် (၃၀-၄၀) လီတာကို ရေဝင်ပေါက်မှ ထည့်ပေးလှျင် ရောဂါပိုးများသေစေနိုင်ပြီး အဝတ်စုတ်ကို ပေါင်းခံရည်ဆွတ်၍ တုတ်တိုင် ၂၀ ထောင်ထားလျှင် ဆစ်ပိုးဖလံများကို ကာကွယ်နိုင်ကြောင်း ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် စိတ်ပါဝင်စားသည့် တောင်သူများက စပါးခွံမီးခိုးပေါင်းခံရည် ပြုလုပ်ပုံ အဆင့်ဆင့်ကို လေ့လာ ကြည့်ရှုပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)


