မြင်းခြံ၊ ၁၉ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း စက်ရေတွင်းတူဖော်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း၊ ရေစင် တည်ဆောက်ခြင်း၊ ကျေးရွာအတွင်း ရေပိုက်သွယ်တန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းထံက သိရသည်။
မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေအဆင်ပြေစေရေး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် စက်ရေတွင်းတူဖော်ခြင်း၊ ရေစက် ရုံတည်ဆောက်ခြင်း၊ ရေစင်တည်ဆောက်ခြင်း၊ ကျေးရွာအတွင်း ရေပိုက်သွယ်တန်းခြင်း လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ် ၆၅.၅၅ သန်းဖြင့် မြောက်ကုန်းကျေးရွာမှာ စက်ရေတွင်း၊ ရေစက်ရုံ၊ ရေစင်၊ ရေပိုက်သွယ်တန်း ခြင်းလုပ်ငန်းများနှင့် ကျီးပင်ကန်ကျေးရွာမှာ စက်ရေတွင်း၊ ရေစက်ရုံ၊ရေစင် တည်ဆောက်ခြင်း လုပ်ငန်းများကို လင်းယုန် အားမာန်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး ကိုင်း(မ)၊ သဲဖြူဝ(မ)၊ ပျိုးကန် ကျေးရွာများမှာ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများ၊ ကတောကျေးရွာမှာ ရေစင်တည်ဆောက် ခြင်းလုပ်ငန်းမျာ၊ JICA အစီအစဉ်ဖြင့် ရွာသာယာ၊ ယုန်ထိုးစွယ်၊ ကူရွာ (ဂွေးတောက်ပင်) ကျေးရွာတို့မှာ စက်ရေတွင်းတူဖော်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း၊ ရေစင်တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးခဲ့ကာ ဖက်ရင်းကျေးရွာမှာ မြေသားကန် ရေဝင်မြောင်း တူးဖော်ခြင်းလုပ်ငန်းတစ်ခုသာ ကျန်ရှိတော့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက ပြောသည်။
မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း ကျေးရွာ (၁၂) ရွာတွင် စက်ရေတွင်းတူဖော်ခြင်း၊ ရေစက် ရုံတည်ဆောက်ခြင်း၊ ရေစင် တည်ဆောက်ခြင်း၊ ကျေးရွာ (၂) ရွာတွင် ရေစင်တည်ဆောက်ခြင်း၊ ကျေးရွာ (၄) ရွာတွင် မြေသား ရေကန်ပြုပြင်ခြင်း၊ ကျေးရွာ(၃)ရွာတွင် ကျေးရွာအတွင်း ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)


