မုံရွာ၊ ၁၉ ဇန်နဝါရီ
ယခုနှစ်နွေရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်(၁၂)ရှိ ကျေးရွာ(၃၀)ရွာ၌ သောက်သုံးရေ ရှားပါးမှုနှင့်ကြုံတွေ့နိုင်သဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရသည်။
ယခုနှစ်နွေရာသီတွင် သောက်သုံးရေရှားပါးမှု ဖြစ်ပွားနိုင်သော ကျေးရွာများသည် ယခုလက်ရှိတွင် သောက်သုံးရေများကို လက်တူးတွင်းများ၊ တွင်းတိမ်များ၊ မြေသားကန်များ တူးဖော်ပြီးလည်းကောင်း၊ တုံကင် တွင်းများ၊ စိမ့်စမ်းရေသွယ်ခြင်း၊ ဆည်ရေများကို သွယ်တန်းအသုံးပြုလျက်ရှိရာ မိုးရွာသွန်းမှုနည်းပါးခြင်း၊ အပူရှိန်မြင့်မားခြင်းကြောင့် ရေခမ်းခြောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
“ လာမယ့် နွေရာသီမှာရေရှားနိုင်တဲ့ ကျေးရွာက(၃၀)လောက်ရှိတယ်လို့ ခန့်မှန်းထားတယ်၊ အဲဒီကျေးရွာ တွေမှာ သောက်သုံးရေအခက်အခဲမဖြစ်စေဖို့ မြို့နယ်အလိုက်မှာရှိတဲ့ ကျွန်တော်တို့ ကျေးလက်ဦးစီးဌာနမှာရှိတဲ့ ရေသယ်ယာဉ်တွေ၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တွေမှာရှိတဲ့ ရေသယ်ယာဉ်တွေနဲ့ ချိတ်ဆက်ပြီး သောက်သုံးရေဖြန့်ဝေပေးနိုင်ဖို့ စီစဉ်ထားတယ်၊ အလှူရှင်တွေနဲ့လည်းချိတ်ဆက်ပြီး ဖြန့်ဝေပေးနိုင်အောင်စီစဉ် ထားပြီးဖြစ်ပါတယ်၊ တချို့ကျေးရွာတွေ ရေရှားပါး တယ်ဆိုရင်လည်း ကျွန်တော်တို့ဌာနရဲ့ မြို့နယ်ဦးစီးမှူး ဖုန်းနံပါတ်တွေကို ဖြန့်ဝေပေးထားပြီး ဖြစ်တဲ့အတွက် မိုဘိုင်းဖုန်းနဲ့လည်း ချိတ်ဆက်ပြီးအကူအညီ တောင်းဆိုနိုင်ပါတယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းကျော်မျိုးက ပြောသည်။
ယခုနှစ်နွေရာသီတွင် သောက်သုံးရေအခက်အခဲဖြစ်နိုင်သော ကျေးရွာများသည် စစ်ကိုင်းမြို့နယ်အတွင်း (၄)ရွာ၊ မုံရွာမြို့နယ်အတွင်း (၂)ရွာ၊ ကသာမြို့နယ်အတွင်း (၂)ရွာ၊ အင်းတော်မြို့နယ်အတွင်း (၃)ရွာ၊ ကန့်ဘလူမြို့နယ်အတွင်း(၆)ရွာ၊ ကျွန်းလှမြို့နယ်အတွင်း(၂)ရွာ၊ ချောင်းဦးမြို့နယ်အတွင်း(၁)ရွာ၊ ယင်းမာပင် မြို့နယ်အတွင်း(၁)ရွာ၊ ပုလဲမြို့နယ်အတွင်း(၁)ရွာ၊ ဆားလင်းကြီးမြို့နယ်အတွင်း (၄)ရွာ၊ ကနီမြို့နယ်အတွင်း (၂)ရွာ တို့ဖြစ်ကြောင်းသိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


