ရန်ကုန်၊ ၁၉ ဇန်နဝါရီ 

ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဓာတုဗေဒဌာနမှ ရန်ကုန်အဝေးသင်တက္ကသိုလ် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှု အစီအစဉ်ဖြင့် Web-Based Teaching System ကို အသုံးပြုပြီး  Good Manufacturing Practice နှင့် Water and Sanitation for Occupational Purpose Online Certificate Course နှစ်ခုကို လာမည့်ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်မည်ဖြစ်၍ တက္ကသိုလ်ဝင်တန်း အထိ ပညာသင်ကြားဖူးသူ လူငယ်များ အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ရန်ကုန် အဝေးသင်တက္ကသိုလ်မှ သိရသည်။

"ဒီ Course များဟာ သင်တန်းကာလ (၃)လ ကြာမြင့်မှာဖြစ်ပြီး Fully Online Certificate Course များဖြစ်ပါတယ်။ သင်တန်းများကို တက္ကသိုလ်ဝင်တန်းအဆင့်အထိ တက်ရောက်ပြီးတဲ့ လူငယ် လူရွယ်များအနေဖြင့်  မိမိဒေသ၊ မိမိအလုပ်ခွင်မှာနေပြီး အဆင့်မြင့် ပညာရပ်များကို လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။ Fully Online Course ဖြစ်တဲ့အတွက် တက္ကသိုလ် ထဲသို့ လုံး၀လာစရာမလိုဘဲ မြန်မာနိုင်ငံတစ်ဝန်းလုံး မည်သည့်ဒေသကမဆို အင်တာနက် အသုံးပြုပြီး Online ပေါ်တွင် သင်ယူနိုင်တဲ့ သင်တန်းအမျိုးအစား ဖြစ်ပါတယ်။ Assignment စာစဉ်ဖြေဆိုခြင်းနှင့် Feedback များကို Online မှပင်ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် IT နည်းပညာရပ်များကိုပိုမို ကျွမ်းကျင် လာမည်ဖြစ်ပါတယ်" ဟု ရန်ကုန်အဝေးသင်တက္ကသိုလ် ဓာတုဗေဒဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာသဇင်လွင် ကပြောသည်။

အဆိုပါသင်တန်းတွင် သင်တန်းတစ်ခုလျှင် သင်တန်းသားဦးရေ(၁၂၀) အထိလက်ခံမည်ဖြစ်ကြောင်း၊ မြန်မာနှင့် အင်္ဂလိပ်ဘာသာ နှစ်ခုစလုံးဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးအား အဆင့်မြင့်နည်းပညာရပ်များ အသုံးပြု၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊

ထို့ကြောင့် ပညာရပ်နယ်ပယ် အသီးသီးအတွက် ပညာရှင်များစွာ မွေးထုတ်ရန်နှင့် အဝေးသင်တက္ကသိုလ်၏ ရည်မှန်းချက်တွင် ပါဝင်သည့် သင်ယူမှုအခွင့်အလမ်း (Learning Opportunity) များကို တိုးချဲ့ဖန်တီးပေးခြင်းဖြင့် အရည်အသွေးမြင့်မားသော လူ့စွမ်းအားအရင်းအမြစ် များပေါ်ထွန်းလာစေရန်ဟူသော ရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်နိုင်ရန်အတွက် ၎င်း Certificate Courses များကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်အဝေးသင်တက္ကသိုလ် ဓာတုဗေဒဌာနမှ Good Manufacturing Practice (GMP) အွန်လိုင်း သင်တန်းနှင့် Water and Sanitation for Occupational Purpose (WSOP) အွန်လိုင်း သင်တန်း နှစ်ခု ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁၈) ရက် နေ့တွင် စတင်ဖွင့်လှစ် သင်ကြားမည်ဖြစ်၍ ယင်း အွန်လိုင်း သင်တန်းများသို့ ဝင်ခွင့်များ လျှောက်ထားနိုင်ကြောင်း အွန်လိုင်းသင်တန်းဝင်ခွင့် အတွက် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံများကို ရန်ကုန်အဝေးသင်တက္ကသိုလ် ဓာတုဗေဒဌာန၏ ဝက်ဘ်ဆိုက် ဖြစ်သည့် https://www.udechem.edu.mm မှတဆင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၇) ရက် နေ့မှစတင်၍ အွန်လိုင်းမှ လျှောက်လွှာများကို တင်သွင်းနိုင်ကြောင်း၊  သင်တန်းများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက  ဖုန်းနံပါတ် ၀၉-၆၉၆ ၆၄၃ ၉၅၁ ၊ ၀၉-၉၆၇၀ ၉၄၃၂၉ အားဆက်သွယ်၍ အသေးစိတ် မေးမြန်း စုံစမ်းနိုင်ကြောင်း၊ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံပြီးသူများအား e-mail ဖြင့် အကြောင်းကြားမည်ဖြစ်ကြောင်း သိရသည်။

အာကာလင်း