ပွင့်ဖြူ၊ ၁၉ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာများမှ ဒေသခံတောင်သူများသည် သကြားပြောင်းဖူး ကို ကိုယ်ပိုင်စက်ရေတွင်းများဖြင့် နွေ၊ မိုး၊ ဆောင်း စီးပွားဖြစ်စိုက်ပျိုးကြကာ ယခုနှစ်တွင်လည်း စီးပွားဖြစ် စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရေအဆင်ပြေမှုကြောင့် အောင်မြင်ဖြစ်ထွန်းကာ ဈေးကောင်းရရှိရန် မျှော်လင့်နေ ကြကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာရှိ ဒေသခံ တောင်သူများထံမှ သိရသည်။
“ကျွန်တော်တို့ ညောင်ပင်စောက်ကျေးရွာက ဒေသခံတောင်သူတွေဟာ ဖူးစားပြောင်းဖြစ်တဲ့ သကြားပြောင်းဖူး သီးနှံကို (နွေ၊ မိုး၊ ဆောင်း) သုံးရာသီ စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ တောင်သူအများစုကတော့ ယခုလို ဖူးစားပြောင်း၊ ငှက်ပျော၊ ငရုတ်၊ ကြက်သွန်၊ ခရမ်းချဉ်၊ ကုလားပဲ၊ အခြား ဟင်းသီးဟင်းရွက် သီးနှံစားပင်များကို စီးပွားဖြစ် စိုက်ပျိုးကြပါတယ်။ ဖူးစားပြောင်းကိုတော့ သုံးရာသီလုံး စိုက်ပျိုးကြပါတယ်။ ယခု ဆောင်းသီးနှံအဖြစ် တောင်သူတွေ စိုက်ပျိုးတဲ့ ဖူးစားပြောင်းစိုက်ခင်းတွေဟာ အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်။ စိုက်ပျိုးတဲ့ ဖူးစားပြောင်းမျိုးကတော့ အရပ်ခေါ် ပန်ရွှေသကြား ပြောင်းမျိုးဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ပြောင်းဖူး တစ်ဖူးကို လက်လီဈေးနှုန်း ငွေကျပ် ၂၀၀ ရောင်းချရပြီး ဖောက်သည်ဈေးက တစ်ဖူးကို ငွေကျပ် ၁၅၀ ရောင်းချရပါတယ်။ တစ်ဧကစိုက်ပျိုးရာ ငွေကျပ် ၁၀ သိန်းခန့် ရရှိခဲ့ပါတယ်။ လက်ရှိ သကြား ပြောင်းဖူး ဈေးကွက်က ကိုဗစ်-၁၉ ရောဂါကြောင့် ဈေးနှုန်း ကျဆင်းနေတာဖြစ်လို့ ဈေးကောင်းရရှိဖို့အတွက် တောင်သူ တွေအားလုံး မျှော်လင့်နေကြပါတယ်” ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာရှိ သကြားပြောင်းဖူးသီးနှံ စိုက်ပျိုးတောင်သူ ဦးရဲမြင့်က ပြောပြသည်။
ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာရှိ ဒေသခံတောင်သူများသည် မြေအောက်ရေဖြင့် စိုက်ပျိုးရေး လုပ်ငန်း ကို နွေ၊ မိုး၊ ဆောင်း သုံးရာသီ စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး စိုက်ပျိုးသည့်သီးနှံများမှာ စပါး၊ ပြောင်း၊ ကုလားပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲထောပတ်၊ ငရုတ်၊ ကြက်သွန်၊ ခရမ်းချဉ်၊ ငှက်ပျောနှင့် ဟင်းသီးဟင်းရွက် စားပင်သီးနှံများကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကာ ယခုနှစ်တွင် ဖူးစားပြောင်းများ ဈေးနှုန်းကျဆင်းနေသည့် အတွက် ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း သိရသည်။
ရဲဝင်းနိုင်(ပြန်/ဆက်)


