မန္တလေး၊ ၁၉ ဇန်နဝါရီ
သီးနှံပေါ်ရာသီဖြစ်သည့်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်ချက်များနှင့်အညီ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) ကို ဇန်နဝါရီ ၂၁ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ကုန်စည်ဒိုင်ဖွင့်ခွင့်ရရန် ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းက စာတင်ပြခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ နှစ်ကြိမ်လာရောက်စစ်ဆေးကာ ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း သိရသည်။ သီးနှံပေါ်ရာသီဖြစ်တာကြောင့် ကုန်သည်ပွဲစားများ၊ တောင်သူများ အဆင်ပြေစေရန် ယခုလို ဖွင့်လှစ်ခွင့် တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တောင်သူတွေရဲ့ မျှော်လင့်ချက်၊ လိုအပ်ချက်ပေါ့နော်။ တကယ်တော့ တစ်နေရာ တစ်စုတစ်ဝေးထဲမှာဆိုတော့ ကုန်ဈေးနှုန်းက အမှန်လည်းဖြစ်နိုင်တယ်။ ပိတ်ထားတဲ့အချိန်မှာ ဝယ်လက်အိမ်တွေကို သွားရောင်းရတဲ့အခါ တစ်နေရာနဲ့ တစ်နေရာဈေးနှုန်း အမှန်မရနိုင်ဘူး” ဟု ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောသည်။
ကုန်စည်ဒိုင် ပြန်လည်ဖွင့်လှစ်ချိန်တွင် လက်ဆေးရန်၊ လက်အိတ်ဝတ်ရန်၊ နှာခေါင်းစည်း၊ Face Shield ဝတ်ဆင်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်အချက်များ မလိုက်နာပါက ဝင်ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။
ကုန်စည်ဒိုင်ပိတ်ထားစဉ်က အွန်လိုင်း၊ Viber မှသာ အရောင်းအဝယ်ပြုလုပ်ရသဖြင့် ကုန်စည်ဈေးနှုန်းအမှန်ကို အချိန်နှင့်တစ်ပြေးညီ မသိရှိနိုင်ကြကြောင်း၊ အွန်လိုင်းမှရောင်းချရာတွင် ပွဲရုံကြီးများအတွက်သာ အဆင်ပြေနိုင်ပြီး ပွဲရုံငယ်တွေအတွက် အခက်အခဲများရှိခဲ့ကြောင်း သိရသည်။
မေသက်ထား


