နေပြည်တော် ၁၉ ဇန်နဝါရီ
ရွှေ့ပြောင်းသွားလာခြင်း၏ ကလေးသူငယ်များအပေါ် အကျိုးသက်ရောက်မှုစီမံကိန်း (Project on Protecting Children Affected by Migration in Myanmar) အကြံပေးကော်မတီ (National Project Advisory Committee - PAC)၏ (၈)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၉)နာရီတွင် Online Meeting ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းနှင့် UNICEF Myanmar မှ Chief Child Protection ဖြစ်သူ Ms. Noriko Izumi တို့က အဖွင့်အမှာစကား ပြောကြားကြသည်။
ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မျိုးသန့်က “မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ရွှေ့ပြောင်းသွားလာခြင်းကြောင့် ထိခိုက်နစ်နာသည့် ကလေးသူငယ်များအား အကာအကွယ်ပေးခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နည်းလည်မှုစာချွန်လွှာ” (Myanmar-Thailand MoU on Strengthening the Cooperation to Protect Children Affected by Migration) အား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အခန်းကဏ္ဍအလိုက် Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာသူများက နည်းလည်မှုစာချွန်လွှာ ရေးထိုးနိုင်ရေးတွင် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ “မြန်မာ-ထိုင်း ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး နယ်စပ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စံလုပ်ငန်းအစီအစဉ်” (Cross-Border Child Protection Standard Operating Procedures - SOPs) (မူကြမ်း) ဆက်လက်ရေးဆွဲဖော်ထုတ်နိုင်ရေး ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နားလည်မှုစာချွန်လွှာ ရေးဆွဲဖော်ထုတ်ရေး နည်းပညာလုပ်ငန်းအဖွဲ့ဝင် ဌာနများဖြစ်သော ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းလေ့ကျင့်ရေးဦးစီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


