နေပြည်တော်၊ ၁၉ ဇန်နဝါရီ

 

သစ်တောဦးစီးဌာနနှင့် အာရှဒေသ သစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ “သစ်တောမှီခိုနေထိုင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်တော ထိန်းသိမ်းခြင်းနှင့် ဒေသခံပြည်သူအခြေပြု စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်မှုဆိုင်ရာ စံပြသစ်တောများ တည်ထောင်ခြင်းစီမံကိန်း (FD-AFoCO Model Forest Project)” ၏ ပထမအကြိမ် စီမံကိန်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် virtual နည်းလမ်းဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင် စီမံကိန်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဥက္ကဋ္ဌ၊ သစ်တေဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ကော်မတီ၏ စည်းမျဉ်း စည်းကမ်းများ၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့်အညီ စီမံကိန်း အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များနှင့် ကိုဗစ်ကာလအတွင်း စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ချက်များကို ဆွေးနွေးကြသည်။

 

ဆက်လက်၍ ၂၀၂၀ ပြည့်နှစ်အတွင်း လုပ်ငန်းဆောင်ရွက်များနှင့် ဘဏ္ဍာငွေအသုံးစရိတ်၊ ၂၀၂၁ ခုနှစ်အတွင်း အကောင်အထည်ဖော်မည့် လုပ်ငန်းလျာထားချက်များ၊ ဘဏ္ဍာငွေလျာထားချက်များနှင့် ကိုဗစ်ကာလအတွင်း လုပ်ငန်းများနှောင့်နှေးမှု မရှိစေရန် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးကြသည်။

 

ထို့နောက် အစည်းအဝေသို့ တက်ရောက်လာသူများက ဆွေးနွေးချက်များနှင့် ပတ်သက်၍ အတည်ပြုခြင်းနှင့် အကြံပြုခြင်းများ ဆောင်ရွက်ကြသည်။

 

အစည်းအဝေးသို့ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ စီမံကိန်းမန်နေဂျာနှင့် ကိုရီးယားသမ္မတနိုင်ငံမှ AFoCO Secretariat မှ တာဝန်ရှိသူများ၊ စီမံကိန်းဒေသဖြစ်သော ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။

 

သတင်းစဉ်