နေပြည်တော်၊ ၁၉ ဇန်နဝါရီ
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
အစည်းအဝေးသို့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက လယ်ယာမြေဥပဒေ၊ နည်းဥပဒေများအရ လယ်ယာမြေအခြားနည်း အသုံးပြုခွင့် လျှောက်ထားလာမှုများနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်၊ နေပြည်တော် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်များ၏ စိစစ်ဆောင်ရွက်ပေးမှုလုပ်ငန်းစဉ်များတွင် အချို့သော ကိစ္စရပ်များ၌ ဥပဒေ၊ နည်းဥပဒေပါ ကာလအပိုင်းအခြားကို ကျော်လွန်၍ ကြာမြင့်နေခြင်းများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရပါသဖြင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းရှင်များ၊ ပုဂ္ဂလိကများ၊ အဖွဲ့အစည်းများအတွက် အခက်အခဲ အဟန့်အတား မဖြစ်စေရေးအတွက် သတ်မှတ်ကာလအတွင်း ပြီးစီးရေး ကြိုးပမ်းဆောင်ရွက်ပေးရန်လိုကြောင်း၊ အခြားတစ်ဖက်တွင်လည်း သဘောထားမှတ်ချက် ပြန်ကြားပေးကြရမည့် ဌာနဆိုင်ရာအဖွဲ့အစည်းများ အနေဖြင့်လည်း အချိန်မီ ပြန်ကြားပေးရန် လိုအပ်ပါကြောင်း နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့အသီးသီးမှ ပြည့်စုံစွာဖြင့်တင်ပြလာသော အခြားနည်း သုံးစွဲခွင့် ကိစ္စရပ်များကိုလည်း မူဝါဒသတ်မှတ်ချက်များဖြင့် ညီညွတ်ပါက ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ခွင့်ပြုမိန့်များ ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါ ခွင့်ပြုထားရှိမှုအပေါ် လယ်ယာမြေဥပဒေပါ သတ်မှတ်ချက် ကာလဖြစ်သည့် (၆)လအတွင်း စတင်အကောင်အထည်ဖော် ဆောင်ရွက်စေရန်နှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးမြောက်စေရေးအတွက် ဆောင်ရွက်ကြရန်လိုကြောင်း။
ထိုသို့ ဥပဒေပါသတ်မှတ်ချက် (၆)လတာကာလအတွင်း စတင်အကောင်အထည်ဖော် ဆောင်ရွက်မှု မရှိခြင်းနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးမြောက်မှုမရှိသည့် လုပ်ငန်းများကိုလည်း စိစစ်ဖော်ထုတ်၍ ဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီ အရေးယူဆောင်ရွက်သွားနိုင်ရေးအတွက် သက်ဆိုင်ရာနေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့များမှ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ ဆောလျင်စွာ တင်ပြသွားကြရန်လိုအပ်ပါကြောင်း၊ လယ်ယာမြေနှင့်ပတ်သက်၍ ပြဋ္ဌာန်းထားသော ဥပဒေပါ စည်းကမ်းချက်များကို လိုက်နာ ဆောင်ရွက်စေခြင်းသည် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းရပ် တစ်ခုလည်းဖြစ်ကြောင်း၊ ပြဋ္ဌာန်းထားသော ဥပဒေပါ စည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်သူသည် ဥပဒေအား ဖောက်ဖျက်ကျူး လွန်သူသာ ဖြစ်ပါကြောင်း၊ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအား ပြင်ဆင်သည့်ဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပြီးဖြစ်သဖြင့် အဆိုပါ ဥပဒေနှင့် လိုက်လျောညီထွေသည့် နည်းဥပဒေအား ပြင်ဆင်ရေးဆွဲလျက်ရှိကြောင်း၊ အဆိုပါ နည်းဥပဒေ ပြဋ္ဌာန်းနိုင်မည်ဖြစ်ပါက တည်ဆဲလယ်ယာမြေဥပဒေ၊ နည်းဥပဒေနှင့်အညီ လယ်ယာမြေအပေါ် ခွင့်ပြုမိန့်မရရှိမီ အခြားနည်းသုံးစွဲခွင့်လုပ်ငန်းများ တာဆီးအရေးယူခြင်း ကိစ္စရပ်ကို ထိရောက်လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မကြာမီကာလအတွင်း ပြည်ထောင်စုအစိုးရအဖွဲ့အသစ် တာဝန်ယူကြတော့မည်ဖြစ်သည့်အတွက် အဆိုပါ အစိုးရအဖွဲ့ အသစ်အတွက် လုပ်ငန်းဆိုင်ရာများ ပံ့ပိုးဆောင်ရွက်ပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ထားကြရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် အတွင်းရေးမှူး ဦးသက်နိုင်ဦးက ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းများအား ဖတ်ကြားတင်ပြရာ အဖွဲ့ဥက္ကဋ္ဌနှင့် အစည်းအဝေး တက်ရောက်လာကြသူများက အကြောင်းအရာ တစ်ခုချင်းအလိုက် ဆွေးနွေးဆောင်ရွက်ကြသည်။
ယနေ့အစည်းအဝေးတွင် နစ်နာကြေး၊ လျော်ကြေး ပေးချေရန်ကိစ္စ၊ ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်များအရ ပြန်လည်တင်ပြလာသည့် လုပ်ငန်းစာတွဲ အခြေအနေများနှင့် လယ်ယာမြေအခြားနည်း အသုံးပြုခွင့် ခွင့်ပြုချက် မရရှိမီ ကြိုတင်အသုံးပြုထားသည့်အတွက် လယ်ယာမြေဥပဒေပုဒ်မ-၁၉ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဒဏ်ကြေးငွေ အဆိုပြုချက် တင်ပြလာသော လုပ်ငန်းစာတွဲများကိစ္စ၊ ဌာနဆိုင်ရာမြေအဖြစ် လျှောက်ထားသောအမှုတွဲကိစ္စ၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မသက်ဆိုင်သည့် အမှုတွဲကိစ္စ၊ ယခင်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံ ခန့်ခွဲရေးဗဟိုအဖွဲ့မှ ခွင့်ပြုထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းကို လယ်ယာမြေအဖြစ် သတ်မှတ်ပေးရန် လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၄ နှင့် လယ်ယာမြေ နည်းဥပဒေ ၃၅၊ ၃၆ တို့အရ လျှောက်ထားလာသည့် အမှုတွဲကိစ္စ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ နေပြည်တော်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များမှ ဖြေရှင်းဆောင်ရွက်လျက်ရှိသော လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုကိစ္စရပ်များအား ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


