ရွှေဘို၊ ၂၀ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ရွှေအိုးရကျေးရွာတွင် စိုက်ဧက (၃၀၀)ကျော်ကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်နေခြင်းကို ကွင်းဆင်းစစ်ဆေးခြင်းကို ဇန်နဝါရီ ၂၀ ရက် နံနက် ၈ နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း ဝက်လက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ သိရသည်။
အဆိုပါ ရွှေအိုးရကျေးရွာ ကုန်ထုတ်လမ်းကို တိုင်းဒေသကြီး အစိုးရခွင့်ပြုရန်ပုံငွေ ကျပ်(၁၀၈ ဒသမ ၂) သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သော Globalize ကုမ္ပဏီက အရှည်(၂)မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် ၂ ပေ မြေသားခင်းခြင်းနှင့် ၎င်းအပေါ် အရှည်(၂)မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် ၉ လက်မ ဂျင်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဝက်လက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရွှေဘိုခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာန ဦးစီးမှူး ဦးမြင့်နှင့် တာဝန်ရှိသူများကသွားရောက်၍ လမ်းအရည်အသွေးများ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိ/မရှိ ကိုလည်းကောင်း၊ သတ်မှတ်အချိန်အတွင်း ပြီးစီးရေးကို လည်းကောင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မိမိတို့နိုင်ငံ သည် ကျေးလက်နေပြည်သူအများစု နေထိုင်သောနိုင်ငံဖြစ်၍ ကျေးလက်ဒေသဖွံ့ဖြိုးမှ နိုင်ငံဖွံ့ဖြိုးမည် ဖြစ်သောကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကုမ္ပဏီများအနေဖြင့် ရေရှည်အသုံးပြု နိုင်ရေး ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းမြင့်အောင်(ရွှေဘို)


