ရန်ကုန်၊ ၂၀  ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏စီမံမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)က တာဝန်ယူပြေးဆွဲသော စတုတ္ထမြောက် ရန်ကုန်-ကိုကိုးကျွန်း-ရန်ကုန်ခရီးစဉ် ပြေးဆွဲခဲ့သည့် M.V CHARITES သင်္ဘောသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဆူးလေအမှတ် ၃ ဆိပ်ကမ်းသို့ ပြန်လည်ဆိုက်ရောက်လာခဲ့ သည်။

ကိုကိုးကျွန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝန်ထမ်းများသွားလာရေးအတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ပြေးဆွဲခဲ့သည့် ရန်ကုန်-ကိုကိုးကျွန်း-ရန်ကုန် သင်္ဘောခရီးစဉ်တွင် အပြန်ခရီးသည်များအဖြစ် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဝန်ထမ်းများ၊ အခြားဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံများ စုစုပေါင်း ခရီးသည် ၆၇ ဉီး ပြန်လည်လိုက်ပါလာပြီး ကုန်တန်ချိန် ၂၇ တန်ခန့် သယ်ဆောင်လာကြောင်း သိရသည်။

“ပုံမှန်အားဖြင့် ကိုကိုးကျွန်းက ပြန်လာရင် ဒေသထွက်ကုန်လေးတွေပဲ ပါတာများပါတယ်။ အသွားတုန်းကတော့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် YESC ပစ္စည်းတွေ သယ်ဆောင်သွားတဲ့အတွက် တန်ချိန်များတာ ဖြစ် ပါတယ်” ဟု YRTA တွဲဖက်အတွင်းရေးမှူး ဉီးလှအောင် က ပြောကြားသည်။

စတုတ္ထမြောက် ရန်ကုန်-ကိုကိုးကျွန်း-ရန်ကုန်ခရီးစဉ်ကို ဇန်နဝါရီလ ၆ ရက်နေ့တွင် ရန်ကုန်ဆိပ်ကမ်းမှ ထွက်ခွာသွားခဲ့ပြီး ၈ ရက်နေ့တွင် ကိုကိုးကျွန်းမြို့နယ်သို့ ရောက်ရှိကာ ကုန်ချခြင်း၊ အပြန်ခရီးစဉ်အတွက် လိုက်ပါမည့် ဝန်ထမ်းများအား စောင့်ဆိုင်းပြီးနောက် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ပြန်လည်ထွက်ခွာလာကာ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရပ်ကွက်ပေါင်း ၂ ရပ်ကွက်နှင့် လူဉီးရေ ၁၂၀၀ ခန့်နေထိုင်သော ကိုကိုးကျွန်းမြို့နယ်သည် ရန်ကုန်မြို့မှ ရေမိုင် ၂၆၀ ခန့် အကွာအဝေးတွင် တည်ရှိကာ စီးပွားဖြစ်ဒေသထွက်ကုန် မရှိသေးသော်လည်း ခရီးသွားလုပ်ငန်း ဒေသအဖြစ်ဖော်ဆောင်ရန်နှင့် လေကောင်းလေသန့် ရရှိသည့်အတွက် အနားယူနေထိုင်နိုင်သော ဒေသအဖြစ် ဖန်တီးနိုင်ရန် အလားအလာကောင်းများ ရှိနေသော ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - လင်းညွှန့်