မြန်အောင်၊ ၂၁ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်အတွင်းရှိ ဘန့်ဘွေးကုန်း၊ ရေတာ၊ တပ်ကုန်း၊ ရွာသစ်၊ ဂျိတ်တော ကျေးရွာများတွင် အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာလူထု ထည့်ဝင်ငွေများဖြင့် လျှပ်စစ်မီး ရရှိရေးအတွက် အသေးစား လျှပ်စစ်ဓာတ်အားပေးစနစ် Solar Minigrid အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြန်အောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်သည့် ဘန့်ဘွေးကုန်း၊ ရေတာကျေးရွာ နှစ်ရွာတွင် စီမံကိန်းထောက်ပံ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ လေးသိန်းကျော်၊ ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ တစ်သိန်းကျော်၊ ကျေးရွာပြည်သူ ထည့်ဝင်ငွေ ကျပ်သန်း ၂၀၀ ဖြင့် ဆိုလာ ၁၅၈ ဒသမ ၄ ကီလိုဝပ်၊ ဂျင်နရေတာ ၆၈ ကေဗွီအေ၊ ဆိုလာ - ဒီဇယ် ပေါင်းစပ်စနစ် အမျိုးအစားကို တင်ဒါအောင်မြင်သော Mega Global Green Automation ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ပြီး တပ်ကုန်း၊ ရွာသစ်၊ ဂျိတ်တော ကျေးရွာသုံးရွာတွင် စီမံကိန်း ထောက်ပံ့ရန်ပုံငွေ အမေရိကန်ဒေါ်လာ နှစ်သိန်းကျော်၊ ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ ၈ သောင်းကျော်၊ ကျေးရွာပြည်သူ ထည့်ဝင်ငွေ ကျပ် ၁၂၉ သန်းဖြင့် ဆိုလာ ၇၂ ဒသမ ၉၆ ကီလိုဝပ်၊ ဂျင်နရေတာ ၄၈ ကေဗွီအေ၊ ဆိုလာ - ဒီဇယ် ပေါင်းစပ်စနစ် အမျိုးအစားကို တင်ဒါအောင်မြင်သော SMART Measurement & Control ကုမ္ပဏီတို့မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်းက စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် ၆၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်သည်။ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပါက ကျေးရွာငါးရွာရှိ အိမ်ခြေ ၈၀၂ အိမ်မှ လူဦးရေ ၃၄၈၇ ဦးတို့အတွက် လျှပ်စစ်မီး ၂၄ နာရီ သုံးစွဲနိုင်မည့်အပြင် အသေးစား စက်မှုလက်မှှု လုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ ဝပ်ရှော့လုပ်ငန်းများ၊ စားသောက်ကုန် လုပ်ငန်းများကို စီးပွားဖြစ် လုပ်ကိုင်နိုင်တော့မည်ဖြစ်ကြောင်း မြန်အောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်ထံမှ သိရသည်။
အသေးစား လျှပ်စစ်ဓားအားပေးစနစ် Solar Minigrid ဆောင်ရွက်နေမှု အခြေအနေများအား ဧရာဝတီ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးနေထက်ရှိန်၊ ဟင်္သာတခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်၊ မြန်အောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်နှင့် တာဝန်ရှိသူများက ကျေးရွာမီးလင်းရေး ကော်မတီဝင်များနှင့်အတူ ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှု့စစ်ဆေးရာ ကုမ္ပဏီမှ တာဝန်ရှိသူများက လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ပြီး လုပ်ငန်းအချိန်မီ ပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီရေး အလေးထား ဆောင်ရွက်သွားကြရန် တိုင်းဦးစီးမှူး ဦးနေထက်ရှိန်က ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ငြိမ်းသူ


