ကျောက်တလုံးကြီး ၊ ၂၁ ဇန်နဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ဒုံအုံးရပ်ကွက်တွင် မိသားစု အပိုဝင်ငွေ ရရှိရန်အတွက် ဈေးကွက်ဝင်လီလီပန်းကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
လီလီပန်းစိုက်ပျိုးသည့် ပန်းစိုက်တောင်သူ ဦးခွန်မောင်က စိုက်ပျိုးမည့် မျိုးဥများသည် ရောဂါကင်း၊ လတ်ဆတ်ပြီး အမြစ်များ ရှင်သန်ရန် လိုအပ်ကြောင်း၊ အပင်စိုက်ပျိုးမည့် စိုက်ပေါင်နှင့် စိုက်ကျင်း အနက်သည် စိုက်ပျိုးမည့် ဥအရွယ်အစားပေါ်မူတည်၍ ရွေးချယ်ရမည်ဖြစ်ကြောင်း၊ စိုက်ပေါင်ကျင်းတွင် နွားချေးနှင့် အာမို၊ ဒီစူပါ မြေဩဇာများထည့်၍ မျိုးဥများမစိုက်ခင်ပြင်ဆင်ထားသော စိုက်ပေါင်များကို ၆ နာရီကြိုတင် ရေလောင်းထား၍ မြေနေရာ အေးထားရန်လိုအပ်ကြောင်း၊ လီလီပန်းပင်သည် နေရောင်ကို ကြိုက်နှစ်သက်သော်လည်း မျိုးဥများသည် အေးသောရာသီဥတု ကြိုက်နှစ်သက်သောကြောင့် စိုက်တွင်းအနက်အား ၆ လက်မတူး၍စိုက်ရန်လိုအပ်ကြောင်း၊ ပင်ကြား ၆ လက်မအကွာ စိုက်ပျိုး ထားရှိကြောင်း၊ ရေများကို နှစ်ရက်တစ်ကြိမ်ဖျန်းပေးကြောင်း၊ အမိုးများ မိုးထားပေးခြင်းဖြင့် အပူဒဏ်ခံနိုင်၍ အစိုဓာတ်ကို ပိုမိုထိန်းထားပေးနိုင်ကြောင်း၊ ပေါင်းမြက်များကိုလည်း တစ်လ တစ်ကြိမ် နုတ်ပေးရကြောင်း သိရသည်။
လီလီပန်းတွင် မျိုးကွဲပေါင်း ၁၀ဝ ကျော်ရှိပြီး အရောင်အားဖြင့် အဖြူ၊ အဝါ၊ ပန်းရောင် အနီနှင့် ခရမ်းရောင်များ ရှိကြောင်း၊ ပန်းပွင့်များပေါ်တွင် အစင်းကြောင်းများ ပါရှိကြောင်း၊ ၂၀၂၀ပြည့်နှစ် ဇူလိုင်လတွင် လီလီပန်း အဖြူရောင်ကို စိုက်ပျိုးခဲ့ပြီး ၂၀၂၁ ခုနှစ် မတ်လတွင် အပွင့်များကို ခူးနိုင်မည် ဖြစ်ကြောင်း ကျောက်တလုံးကြီးမြို့ ဒုံအုံးရပ်ကွက် လီလီပန်းစိုက်တောင်သူ ဦးခွန်မောင်ထံမှ သိရသည်။
မြဝင်း(ပြန်/ဆက်)


