နေပြည်တော်၊ ၂၁ ဇန်နဝါရီ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆန်ဟွာ အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ကိုရီးယား နှစ်နိုင်ငံ အစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ အကူအညီပေးနေမှုများ၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များနှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)


