ဆိပ်ဖြူ၊ ၂၁ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်မှ ကြက်သွန်နီစိုက်တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုများနှင့် တင်ပို့ရောင်းချမှု ဈေးကွက်အခြေအနေများကို မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဇန်နဝါရီ ၂၁ ရက် နံနက် ၁၁ နာရီက ကြက်သွန်နီစိုက်ခင်းများကြည့်ရှုခြင်းနှင့် ကြက်သွန်နီကုန်စည်ဒိုင်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးစီးမှူး ဦးမြင့်ဝင်း၊ ပခုက္ကူခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် တာဝန်ရှိသူများက ကိုင်းမြေများတွင် ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများ၊ ယောချောင်းမြေတွင် ကြက်သွန်နီစိုက်ပျိုးနိုင်ရေး မြေပြင်ဆောင်ရွက်မှုနှင့် စိုက်ပျိုးနေမှုများ၊ ကြက်သွန်နီစိုက်ပျိုး၊ တူးဖော်၊ တင်ပို့ရောင်းချမှု၊ ဈေးကွက်ရရှိမှုအခြေအနေများကို ကွင်းဆင်းလေ့လာခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးနှင့် အဖွဲ့သည် ဆိပ်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဆိပ်ဖြူကုန်စည်ဒိုင်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကြက်သွန်နီဈေးကွက်နှင့် ရောင်းဝယ်တင်ပို့ထုတ်လုပ်မှု အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးရာတွင် ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးမှတ်ကျော်နှင့် တာဝန်ရှိသူများက ပြည်တွင်းနှင့် နယ်စပ်ဒေသမှတစ်ဆင့် ပြည်ပကြက်သွန်နီတင်ပို့မှု အခြအနေများ၊ နယ်စပ်ဒေသတင်ပို့ရာတွင် စိုက်ပျိုးတောင်သူများနှင့် ကုန်သည်များ၏ အကျိုးရလဒ်များအတွက် နယ်စပ်ဒေသကုန်စည်တင်ပို့သည့်မြို့များတွင် ကုန်လှောင်ရုံများတည်ဆောက်၍ အရောင်းအဝယ်ပြုလုပ်နိုင်ရေးတို့ကို ဆွေးနွေတင်ပြခဲ့ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက တောင်သူများနှင့် ကုန်သည်များ၏ တင်ပြဆွေးနွေးချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)


