ရန်ကုန်၊ ၂၁ ဇန်နဝါရီ

 

ရန်ကုန်တိုင်းဒေသကြီးအအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဦးစီးဌာနမှတည်ဆောက်သော နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာကို ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်ပြီးစီးပြီဖြစ်ရာ ဇန်နဝါရီ ၂၈ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဦးစီးဌာနမှ သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများ အိမ်ငှားနေထိုင်မှုဖြင့် ဝင်ငွေဆုံးရှုံးမှုကိုလျော့ချစေလျက် ရရှိသော အခြေခံလစာပေါ် မူတည်၍ နိုင်ငံဝန်ထမ်းအငှားအိမ်ရာတွင် အရာထမ်းဖြစ်ပါက လစာ၏ ၅ ရာခိုင်နှုန်း၊ ဝန်ထမ်းဖြစ်ပါက ၃ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ နေထိုင်နိုင်ရန် စီမံဆောင်ရွက်ထားခြင်းဖြစ်သည်။ “ဇန်နဝါရီ ၂၈ ရက်နေ့မှာ ဖွင့်ပွဲလုပ်မှာပါ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အိမ်ခန်းနေရာချထားရေး ကော်မတီကိုဖွဲ့ပြိီးတာနဲ့ ရွေးချယ်မှာပါ။ ကော်မတီကတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်တဲ့ဌာနတွေနဲ့ ညှိနှိုင်းပြီး ရွေးချယ်ချထား ပေးမှာပါ။ တိုက်ခန်းပေါင်း ၁၄ လုံးမှာ အိမ်ခန်း ၄၇၆ ခန်းနေထိုင်လို့ရပါတယ်။ နိုင်ငံမှာအစိုးရဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးပါတယ်။ နိုင်ငံတော်ရဲ့မူဝါဒကို မြေပြင်မှာဖော်ဆောင်နေတာက ဝန်ထမ်းတွေဖြစ်တဲ့အတွက် သူတို့ရဲ့စိတ်ဓာတ်မြင့်မားမှုဟာ သူတို့ရဲ့တာဝန်ကျေပွန်မှုအပေါ်မှာ မူတည်တယ်။ ဒါကြောင့်သူတို့ရဲ့ သက်သာချောင်ချိရေးနဲ့ နေထိုင်ဖို့စီစဉ်ပေးမှုဟာ စိတ်ပိုင်းဆိုင်ရာလုံခြုံရေးကို ဖော်ဆောင်ပေးရာကျပါတယ်။ ရန်ကုန်မြို့လို အိမ်လခကြီးမြင့်တဲ့ နေရာမှာအငှားအိမ်ရာ စီစဉ်ပေးနိုင်တာဟာ သူ့တို့ရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကို အကျိုးပြုတဲ့အပြင် တိုင်းပြည်ထူထောင်ရေးမှာလည်း နှစ်ဦးနှစ်ဖက် အကျိုးရှိတာကြောင့် နိုင်ငံတော်ရဲ့အကျိုးရှိတဲ့ စီမံကိန်းဖြစ်တဲ့အတွက် အားရးကျေနပ်ပါတယ်။ နေထိုင်ရေးအခက်အခဲရှိတဲ့ ဝန်ထမ်းတွေအတွက်လည်း ခရိုင်လေးခုမှာဆက်လက် ဖော်ဆောင်ဖို့လည်းအကြီးအကဲများရဲ့ လမ်းညွှန်မှုကိုခံယူပြီး ဆောင်ရွက်ဖို့အသင့်ပါ” ဟု မြို့ပြနှင့်အိမ်ရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ပြောကြားသည်။

 

အဆိုပါ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာတွင် ၈ ခန်းတွဲ ၅ ထပ်တိုက် အပါအဝင် ၃၄ ခန်းပါသော တိုက်များပါဝင်ပြီး မိသားစုလေးဦးမှ ငါးဦးထိနေနိုင်မည့် ၄၈၀ စတုရန်းပေရှိသော အခန်း ၄၇၆ ခန်းတွင် ဝန်ထမ်းများ အငှားနေထိုင်နိုင်မည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်လေးခုရှိ၍ ဝန်ထမ်းများနေထိုင်မှုနှင့်လုပ်ငန်းခွင်မှာ ဆက်စပ်လျက်ရှိရာ သွားလာမှုနှင့် လုပ်ငန်းခွင်အဆင်ပြေစေရန် အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင်တို့တွင် ဝန်ထမ်းအငှားအိမ်ရာများ တည်ဆောက်ခြင်းဖြင့် အဆင်ပြေစေမည်ဖြစ်ပြီး တည်ဆောက်ရ န်မြေနေရာအသင့်ရှိရန် လိုအပ်မည်ဖြစ်ရာ ဒလမြို့နယ်တွင်လည်း ဝန်ထမ်းအိမ်ရာများ တည်ဆောက်ခဲ့ပါက ရန်ကုန်-ဒလတံတားကြီးပေါ်မှ ရန်ကုန်မြို့တွင်း လုပ်ငန်းခွင်သို့ အဆင်ပြေချော့မွေ့စွာ သွားလာနိုင်မည်ဖြစ်သည်။

 

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလဆန်းက တည်ဆောက်ပြီးစီးနေပြီဖြစ်သော နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာကို ဇန်နဝါရီ ၂၈ ရက်နေ့တွင် ဖွင့်လှစ်၍ ဝန်ထမ်းများ နေထိုင်နိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းထိုက်

ဓာတ်ပုံ-သန်းစိုး