စစ်ကိုင်း၊ ၂၁ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်၊ အိုးဘိုရပ်ရှိ သီရိမင်္ဂလာခုံးကျော်တံတား တည်ဆောက်စဉ်က သိမ်းဆည်းခံခဲ့ရသော မြေယာများအတွက် လျော်ကြေးငွေပေးအပ်ခြင်းကို ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပေးအပ်ခဲ့သည်။
အဆိုပါ သီရိမင်္ဂလာခုံးကျော်တံတားကို ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်တွင် ၆ လကြာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မူဝါဒများနဲ့အညီ မြေယာလျော်ကြေးငွေ ပြန်လည်တွက်ချက်ကာ ၂၀၁၈ ခုနှစ်မှာ တင်ပြတောင်းခံခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်မှာ ရန်ပုံငွေလျာထားပြီး ၂၀၂၀ ခုနှစ်မှာ ရန်ပုံငွေရရှိကာ ယခုလျော်ကြေးငွေ ပေးအပ်နိုင်ခဲ့ကြောင်း၊ တစ်ဧက လက်ရှိပေါက်စျေးကိုတွက်ချက်ပြီး လျော်ကြေးပေးခြင်းဖြစ်ကြောင်း တံတားဦးစီဌာန၊ တည်ဆောက်ရေးအဖွဲ့(၁)၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်စွာထွန်း က ပြောသည်။
သီရိမင်္ဂလာခုံးကျော်တံတား တည်ဆောက်စဉ်က မြေပိုင်ရှင် (၁၆)ဦး၏ စုစုပေါင်း မြေဧက ၀ ဒသမ ၇၈၉ ပေါ်တွင် ဆောက်လုပ်ခဲ့ရာ ယခုအခါ မြေသိမ်းဆည်းခံခဲ့ရသော မြေပိုင်ရှင် (၁၆)ဦးအတွက် မြေယာလျော်ကြေးငွေ စုစုပေါင်း ကျပ်သိန်း ၂၃၅၈ သိန်း ပေးလျော်ခဲ့သည်။
အခမ်းအနားသို့ စစ်ကိုင်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ စစ်ကိုင်းမြို့နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုကော်မတီအဖွဲ့ဝင်များ၊ မြေသိမ်းဆည်းခံခဲ့ရသော မြေပိုင်ရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ဇေယျ(စစ်ကိုင်း)


