မကွေး၊ ၂၂ ဇန်နဝါရီ
ကုန်တင်ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များ၊ ခရီးသည်များ၊ သံသယလူနာများများကို အဓိကထား စစ်ဆေးပေးနေသည့် ကိုဗစ်စစ်ဆေးရေးဂိတ်ကို ယခင်ဖွင့်လှစ်ခဲ့သော မကွေးမြို့ပြင်၊ မကျီးကန်ရွာအနီးမှ မကွေးကားကြီးဝင်း အတွင်းသို့ ပြောင်းရွှေ့ထားသည့်အပေါ် စိုးရိမ်စရာအခြေအနေများ ရှိနေကြောင်း မကွေးဒေသခံများထံက သိရသည်။
လွန်ခဲ့သည့် ၉ ရက်ခန့်က မြို့ပြင်မှစစ်ဆေးရေးဂိတ်ကို မြို့ထဲရှိ အဝေးပြေးကားဝင်းအတွင်း၊ အများပြည်သူသုံး သန့်စင်ခန်းအနီး ပြောင်းရွှေ့ခဲ့ကာ စစ်ဆေး၍ ပိုးတွေ့သူများကို သီးသန့်အဆာင်ငယ်တွင် ယာယီထားရှိမှုများ လုပ်ဆောင်လျက် ရှိသည်။
“ ကားကြီးဝင်းထဲကသူတွေအကုန်လုံးက ဒီသန့်စင်ခန်းကိုပဲ သုံးကြတာပါ။ ကိုဗစ်ပိုးစစ်ဆေးတဲ့သူတွေ၊ စစ်ဆေးပြီး တွေ့တဲ့သူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ဈေးသည်တွေ အကုန်လုံးသုံးနေကြတာဆိုတော့ တစ်နည်းနည်းနဲ့ ပိုးကူး ခံရဖို့များနေတယ်။ ကြောက်တယ် ” ဟု စားသောက်ဆိုင်လုပ်ငန်းလုပ်သူ အဖွားဒေါ်အုန်းကြည် က ပြောသည်။
ယခုစစ်ဆေးရေးဂိတ်တွင် လာရောက်စစ်ဆေးသူများထဲမှ ကိုဗစ်ပိုးတွေ့သူများရှိနေပြီး ပိုးသတ်ဆေးဖျန်းမှု အားနည်းသဖြင့် ဝမ်းချုပ်ခံကာ သန့်စင်ခန်းသို့ မသွားကြသူများရှိနေကြောင်း၊ ပတ်ဝန်းကျင်တွင် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ ရှိနေသည့်အတွက် ပိုးတွေ့လူနာသယ်အပြီးတွင် ဆေးဖျန်းပေးရန် သွားရောက် တောင်းဆိုခဲ့သော်လည်း တစ်ဦးအပေါ်တစ်ဦး တာဝန်လွှဲချနေခြင်းများ ရှိနေကြောင်း ဒေသခံ ဒေါ်အေးအေးလှိုင် ထံက သိရသည်။
“အမှိုက်ကောက်တဲ့ကလေးတွေက ရေသန့်ဘူးတွေ ဝင်ကောက်တယ်။ ညဘက်မှာလည်း အရက်မူးသမားတွေ ဝင်အိပ်တာ တွေ့ရတယ်။ စစ်ဆေးရေးဂိတ်ကို လူသူအဝင်အထွက်နည်းတဲ့ အားကစားကွင်းလို နေရာမျိုးမှာထားရင် ပိုကောင်းမယ် ထင်တယ် ” ဟု သန့်စင်ခန်းတာဝန်ခံ ကိုဇော်မင်းနိုင် က ဆိုသည်။
ကိုဗစ်စစ်ဆေးရေးဂိတ်ကို ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ အပါအဝင် မကွေးမြို့တွင်းမှ စစ်ဆေးရန် လိုအပ်သူများ လွယ်ကူ အဆင်ပြေရန် လုပ်ဆောင်ခြင်းဖြစ်ကာ ရောဂါကူးစက်မှု မရှိစေရန် ကြိုတင်ကာကွယ်မှုဆိုင်ရာ သတိပေးချက် များကို လိုက်နာရန်လိုအပ်ကြောင်း တိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်း က ပြောသည်။
မကွေးမြို့ ကားကြီးဝင်း စစ်ဆေးရေးဂိတ်နှင့် ပညာရေးကောလိပ် Q စင်တာများတွင် ကိုဗစ်ပိုး ရှိ၊မရှိ စစ်ဆေးမှုများ လုပ်ဆောင်ပေးနေပြီး ပိုးတွေ့သူများကို ပြည်သူ့ဆေးရုံကြီးနှင့် သင်ကြားရေးဆေးရုံများသို့ ပို့ဆောင်ကုသပေးနေကြောင်း၊ မကွေးတိုင်းအတွင်း၌ ဇန်ဝါရီ ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲထိ ကိုဗစ်အတည်ပြုလူနာ ၃၀၇၂ ဦး ၊ ယင်းတို့ထဲမှ သေဆုံးသူ ၁၀ ဦးရှိနေပြီဖြစ်ကြောင်း မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန က သိရှိရသည်။
ဇေယျတု(မကွေး)


