မုဒုံ၊ ၂၂ ဇန်နဝါရီ
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် တော်ကူးကျေးရွာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးသင်တန်းကို ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၁ နာရီက တော်ကူးကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မုဒုံမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါက်တာနန်းကြူကြူအောင်က တိရစ္ဆာန်များတွင်ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါများနှင့် ပတ်သက်၍ မွေးမြူရေးသမားများ သိရှိစေရန် (၄)လတစ်ကြိမ် ဖွင့်လှစ်သင်ကြားပို့ချသည့် သင်တန်းဖြစ်ကြောင်း၊ ကျွဲ၊ နွားအရေပြား အကျိတ်နာရောဂါလက္ခဏာများအကြောင်းနှင့် ၎င်းရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားရကြောင်း ကျွဲ၊နွားများတွင် အသက်အရွယ်မရွေး နေရာဒေသမရွေးဖြစ်ပွားတတ်သည့် ရောဂါဖြစ်သောကြောင့် ရောဂါဖြစ်နေသော နွားနှင့် တိုက်ရိုက်ထိတွေ့ခြင်း၊ သွေးစုပ်သည့် မှတ်၊ ခြင်၊ ယင်နှင့် မွှား စသည့် အင်းဆက်ပိုးမွှားများ ကိုက်ခြင်း၊ ရောဂါပိုးပါဝင်သည့် ဆေးထိုးအပ်နှင့် ခြံအသုံးအဆောင်ပစ္စည်းများ မျှဝေသုံးစွဲခြင်း၊ စားကျက်နှင့်ကွင်းများတွင် လွှတ်ကျောင်းမွေးမြူခြင်း၊ ရောဂါဖြစ်တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများ ရွှေ့ပြောင်းသယ်ဆောင်ခြင်းတို့ကြောင့် ရောဂါဖြစ်ပွားကြောင်း ရှင်းလင်း ပြောကြားသည်။
အဆိုပါ သင်တန်းကို ကျေးရွာအတွင်းရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် မွေးမြူရေးလုပ်ငန်းရှင် ၂၀ တက်ရောက်ကြပြီး သင်တန်းကာလကို ၂ ရက်ကြာအဖြစ် သင်တန်းနည်းပြ ဒေါက်တာ နန်းကြူကြူအောင်နှင့် ဒေါက်တာဝါဝါအောင်တို့က သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)