မြန်အောင်၊ ၂၂ ဇန်နဝါရီ
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ မူလခွင့်ပြုရန်ပုံငွေဖြင့် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့ မြန်အောင်တာမိုင် ၆/၃ မကျီးစုတာ၊ မြန်အောင်တာမိုင် ၆/၇ နှင့် ၇/၀ အတွင်း လွန်ဆေးမြိုင် ပန်းခြံအနီးနှင့် မြန်အောင်မြို့နယ် ရွှေကျင်ဘုရားလှ ကျေးရွာတို့တွင် မြစ်ကမ်းထိန်း လုပ်ငန်းများကို ဇန်နဝါရီလမှစ၍ ဆောင်ရွက်သွားမည့် ဖြစ်ကြောင်းသိရသည်။
မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများကို ဇန်နဝါရီ ၂၁ ရက်က တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီများနှင့် ဟင်္သာတခရိုင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးဝင်းတို့က မြို့နယ်လုပ်ငန်းအရည်အသွေး စစ်ဆေးရေး ကော်မတီအဖွဲ့နှင့် ဒေသခံပြည်သူများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
မြစ်ကမ်းထိန်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်အောင်မြို့ မကျီးစုတာ မြစ်ကမ်းထိန်းလုပ်ငန်းကို Geotextile ကပ်နံရံ အလျား ပေ ၄၀၀၊ ရေထဲပိုင်း Geo-Bag ချခြင်းလုပ်ငန်း အလျား ပေ ၂၀၀ နှင့် တည်ဆောက်ပြီး ကျောက်ပြားကပ် တမံရှေ့ ရေထဲပိုင်း Geo-Bag ချခြင်းလုပ်ငန်း အလျား ပေ ၅၈၀ လုပ်ငန်းများကို ဆုဖြိုးရဲကုမ္ပဏီက ငွေကျပ် ၁၉၃ ဒသမ ၂၀ သန်းဖြင့် တင်ဒါအောင်မြင်ခဲ့ကြောင်း၊ မြန်အောင်တာမိုင် ၆/၇ နှင့် ၇/၀ အတွင်း လွန်ဆေးမြိုင်ပန်းခြံ မြစ်ကမ်းထိန်းလုပ်ငန်းကို Geotextile ကပ်နံရံနှင့် ရေထဲပိုင်း Geo-Bag ချခြင်း အလျား ပေ ၃၂၀ တည်ဆောက်ခြင်း လုပ်ငန်းကို မြတ်ဘုန်းယံကုမ္ပဏီက ငွေကျပ် ၁၉၃ ဒသမ ၂၀ သန်းဖြင့် တင်ဒါ အောင်မြင်ခဲ့ကြောင်းနှင့် မြန်အောင်မြို့နယ် ရွှေကျင်ဘုရားလှကျေးရွာ မြစ်ကမ်းထိန်းလုပ်ငန်းကို Porcupine ချထားခြင်းလုပ်ငန်း ၁၉၀၀ ကို ဆုဖြိုးရဲ ကုမ္ပဏီက ငွေကျပ် ၁၉၄ ဒသမ ၂၀ သန်းဖြင့် တင်ဒါအောင်မြင်ခဲ့ပြီး ယခုလမှစ၍ လုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းထံမှ သိရသည်။
ဝင်းဗိုလ်(မြန်အောင်)


