နမ္မတူ၊ ၂၂ ဇန်နဝါရီ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု/ပြည်နယ်(မွမ်းမံ) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော မန်ပန်၊ နားနကျေးရွာ ကုန်ထုတ်လမ်းနှင့် နမ့်ကန်ကျေးရွာ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းများအား ဇန်နဝါရီ ၂၁ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
စစ်ဆေးရာတွင် နမ္မတူမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းဆိုင်လှိုင်းနှင့် ဝန်ထမ်းများက မန်ပန်ကျေးရွာရှိ ကုန်ထုတ်လမ်း (၁/၃)မိုင် ဖောက်လုပ်နေမှု အခြေအနေများကို စစ်ဆေးရာ တာဝန်ယူ တည်ဆောက်လျက်ရှိသည့် ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးစိုင်းဆိုင်လှိုင်းနှင့် ဝန်ထမ်းများက နားနကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ ပေ ၂၀ ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းနှင့် နမ့်ကန်ကျေးရွာ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း (ဝ/၄)မိုင် လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် နမ္မတူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအတွင်း စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ပေ ၄၀ဝ အား လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လူမော်(ပြန်/ဆက်)


