မန္တလေး၊  ၂၂ ဇန်နဝါရီ

အရည်အသွေးမမီသော safeguard များ၊ ဝါယာများကို အသုံးမပြုသင့်ကြောင်း မန္တလေးတိုင်း ဒေသကြီးမီးသတ်ဦးစီးဌာနမှ သတိပေးထားသည်။

မန္တလေးတိုင်းဒေသကြီးတွင် အပူချိန်များ မြင့်တက်လျက်ရှိသဖြင့် ရေခဲသေတ္တာနှင့် အဲကွန်းများကို အချိန်ပြည့်ဖွင့် အသုံးပြုခြင်းများကြောင့် safeguard များ၊ ဝါယာကြိုးများ လောင်ကျွမ်းပြီး မီးလောင်မှုများ ဖြစ်ပေါ်နေသဖြင့် အရည်အသွေးမမီသော safeguard များနှင့် ဝါယာများကို အသုံးမပြုသင့်ကြောင်း သတိပေးထားသည်။

ထို့အပြင် မီးဖိုမီးများ ချက်ပြုတ်ရာတွင် အထူးဂရုပြုသင့်ကြောင်းနှင့် ခြင်ဆေးခွေများထွန်းရာတွင် မပေါ့ဆသင့်ကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

" မန္တလေးမှာက မီးလောင်မှုဖြစ်ရင် လျှပ်စစ်ကြောင့်ရယ် မီးဖိုကနေတစ်ဆင့် မီးလောင်မှုတွေ အဖြစ်များတယ်။ ဒါတွေပပျောက်သွားအောင် မန္တလေးတိုင်းမှာ ပြည်သူတွေ အသိပညာပေးမှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်နေရတယ် " ဟု မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မန္တလေးခရိုင်တွင် ၂၀၂၀ ပြည့်နှစ်အတွင်း မီးလောင်မှု ၁၀၆ ကြိမ် ဖြစ်ပွားခဲ့ပြီး  လူ  ၉ ဦး သေဆုံးခဲ့ကြောင်း မန္တလေးခရိုင်မီးသတ်တပ်ဖွဲ့မှသိရသည်။

မီးလောင်မှုတွင် ပေါ့ဆမီးကြောင့် အများဖြစ်ပြီး ဒုတိယအများဆုံးအဖြစ် လျှပ်စစ်ကြောင့် မီးလောင်မှု ဖြစ်ကာ ဆုံးရှုံးမှု အားဖြင့် ၁,၁၃၉ ဒသမ ၆၉၂ သန်း တန်ဖိုးရှိကြောင်းသိရသည် ။

ဖြိုးအိ