ဝန်းသို ၂၄ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာလူထုကိုယ်တိုင် ဆောင်ရွက်စေသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) လုပ်ငန်းများကို ကျေးရွာ (၂၂)ရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါ စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းများရွေးချယ်ရာတွင် အကြံပြုဆွေးနွေးခြင်းများကို ဇန်နဝါရီ ၂၀ ရက်မှစတင်၍ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ကျေးရွာ (၉)ရွာတို့တွင် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ် ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းစဉ်များအရ အတည်ပြုရွေးချယ်ထားသော ကျေးရွာပေါင်း ၂၂ ရွာတို့တွင် စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်း၊ လုပ်ငန်းများရွေးချယ်ပြီး မြို့နယ် TPIC ကော်မတီအတည်ပြုရွေးချယ်၍ အထက်အဆင့်ဆင့်တို့ လုပ်ငန်းအတည်ပြုချက်ရယူခြင်း၊ ယင်းနောက် ကျေးရွာလူထုကိုယ်တိုင် ဆောင်ရွက်နိုင်စေရန် လုပ်ငန်းအပ်နှံခြင်း၊ သဘောတူစာချုပ်ချုပ်ဆိုခြင်း၊ စာရင်းအစစ်ဆေးခံခြင်း၊ ပြီးစီးကြောင်းအစီရင်ခံစာ တင်ပြခြင်း စသည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်စေရန်အတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း၊ စီမံကိန်းတာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ငုဝါဆန်း၊ တာဝန်ခံအင်ဂျင်နီယာ ဒေါ်ဇာဇာထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်းတစ်ရာ ထောက်ပံ့ပေးပြီး ကျေးရွာပေါင်း (၂၂)ရွာတို့တွင် ငွေကျပ်သိန်း (၂၂၀၀) အသုံးပြုကာ ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)


