မံစီ ၂၄ ဇန်နဝါရီ
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့ မောရဝတီရပ်ကွက် မိုးယုချောင်း၌ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ် ၃၂၅ ဒသမ ၉ သန်းဖြင့် သံကူကွန်ကရစ်တံတား တည်ဆောက်လျက်ရှိသည်။
အဆိုပါတံတားသည် အရှည် ၁၂၀ ပေ၊ အကျယ် ၂၄ ပေရှိသည့် အောက်ခြေ သုည ဒသမ ၈ မီတာ ဘိုးပိုင် သံကူကွန်ကရစ်ခုံ၊ အပေါ်ထည် သံကူကွန်ကရစ်တိုင်၊ သံကူကွန်ကရစ်ယက်မနှင့် ကြမ်းခင်း အမျိုးအစားဖြစ်ကြောင်း၊ လုပ်ငန်းများစတင်နေမှုကို ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်ဦးဆောင်သည့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေး ကော်မတီအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုခဲ့ကြပြီး လုပ်ငန်းများ အရည်အသွေးပြည့်ဝစွာဖြင့် အချိန်မီပြီးစီးရေးအတွက် လိုအပ်သည်များကို လုပ်ငန်းဆောင်ရွက်နေသည့် တာဝန်ရှိသူများကို မှာကြားခဲ့သည်။
လက်ရှိအချိန်တွင် ပြည်သူများအနေဖြင့် ချောင်း၏တစ်ဖက်ကမ်းရှိ လယ်ယာလုပ်ငန်းခွင်သို့ သွားလာရာ၌ လူနှင့် မော်တော်ဆိုင်ကယ်သာ သွားလာနိုင်သည့် ကြိုးတံတားကို အသုံးပြုနေပြီး လယ်ယာသုံးစက်ကရိယာများနှင့် လယ်ယာထွက်ကုန်များကို ချောင်းရေကျသည့် အချိန်များ၌သာ ချောင်းကိုဖြတ်၍ သယ်ယူပို့ဆောင်လျက်ရှိကြောင်း၊ မိုးတွင်းကာလများ၌ တောင်ကျချောင်းရေများကြောင့် သွားလာရန် အခက်အခဲရှိပြီး အဆိုပါတံတား တည်ဆောက်ပြီးပါက ပြည်သူများအနေဖြင့် ရာသီမရွေးသွားလာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကာ ပြည်သူများအတွက် များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။
ရိန် (ပြန်/ဆက်)


