ပွင့်ဖြူ၊ ၂၄ ဇန်နဝါရီ  

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ၃၇ ဒသမ ၀၅၄ သန်းဖြင့် လယ်မြေဧက ၃၀၀၀ ကျော် အကျိုးပြုစေနိုင်မည့် တောင်မုန်းမြောင်းမကြီး လက်တံ(၁၄) မြောင်းဘောင်လမ်းအား မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

တောင်မုန်းမြောင်းမကြီး လက်တံ(၁၄) မြောင်းဘောင်လမ်းအား ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရန်နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြောင်းဘောင်လမ်း အရှည် ၃ မိုင်၊ တစ်ဖာလုံအား လမ်းအကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင် ဖောက်လုပ်ခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သော တော်ဝင်ထွန်းကုမ္ပဏီက ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၈ ရက်က စတင်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်၊ တောင်မုန်းမြောင်းမကြီး လက်တံ(၁၄) မြောင်းဘောင်လမ်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက  ရွှေလှေကျေးရွာ၊ ထနောင်းကုန်းကျေးရွာကျေးရွာတို့ အပါအဝင် ကျေးရွာ ၁၄ ရွာနှင့် အနီးဝန်းကျင် ကျေးရွာများမှ အိမ်ခြေ ၂၈၂၅ အိမ်၊ လူဦးရေ ၁၁၅၁၃ ဦးအတွက် ရာသီမရွေး အဆင်ပြေစွာ ဖြတ်သန်းသွားလာနိုင်မည့်အပြင် ဒေသခံတောင်သူများ၏ လယ်မြေဧက ၃၀၀၀ ကျော်မှ ထွက်ရှိသော ဒေသထွက်ကုန်သီးနှံများကိုလည်း ဈေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချသွားနိုင်မည်ဖြစ်ရာ ဒေသခံပြည်သူများ၏ ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံက သိရသည်။

 

မကွေး ဝင်းမောင်