နမ့်စန်၊ ၂၄ ဇန်နဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၇ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၇၀၀ ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နမ့်စန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့် ကျေးရွာ ၁၇ ရွာမှာ အမှတ်(၂)ပလန၊ အမှတ်(၃)ပလန၊ ပန်နမ့်တိုင်း၊ နမ့်ဆွတ်၊ ခုတ်လောင်း၊ နားထုံလုံ၊ ဝမ်ပုံ၊ ဆမ်ခါ၊ ဝမ်နမ့်ဝမ်၊ နောင်ငင်း၊ နားယဲ၊ နောင်ခါး၊ ဝမ်မိုင်၊ ညောင်ပင်သာ၊ ဟူးကု၊ ဝမ်ခိုင်၊ ဝမ်လုံ ကျေးရွာများဖြစ်ပြီး VDP စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၇၀၀၊ ကျေးရွာပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်းလမ်း၊ တံတား၊ မီးလင်းရေး၊ သောက်သုံးရေရရှိရေးနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများက နည်းပညာများပံ့ပိုးကာ ကျေးရွာသူကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် မိမိတို့ကျေးရွာ၏ ပကတိလိုအပ်ချက်များပါဝင်သော ကျေးရွာဖွံ့ဖြိုးရေးစီမံချက်များကို မိမိတို့ကိုယ်တိုင်ရေးဆွဲပြီး အဆိုပါစီမံချက်များကို မြို့နယ်စီမံကိန်းရေးဆွဲရေး လုပ်ငန်းစဉ်များတွင် ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါကျေးရွာ ၁၇ ရွာကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျေးရွာများကို ရွေးချယ်ခဲ့ပြီး လက်ရှိအချိန်တွင် ကျေးရွာများသို့ ကွင်းဆင်းကာ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း နမ့်စန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးဝင်းထံမှ သိရသည်။
ငြိမ်းသူ


