ညောင်ဦး၊ ၂၄ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ စိတ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် အချိန်အခါမရွေး ဖြစ်ပေါ်လာသော သဘာဝဘေး၊ ငလျင်ဘေး၊ မီးဘေး၊ ရေဘေးနှင့် အခြားသော ဘေးအန္တရာယ်များ ကြုံတွေ့လာပါက ပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ် ထိခိုက်ဆုံးရှုံးမှု လျော့နည်းရေးအတွက် အချိန်နှင့်တစ်ပြေးညီ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနရုံးမှ သိရသည်။
ထိုသို့ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စိတ်အေးချမ်းလုံခြုံစွာ နေထိုင်သွားနိုင်ရေးအတွက် ပြည်သူအကျိုးပြု လုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကူညီကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးဆိုသည့် ရည်မှန်းချက်လုပ်ငန်းတာဝန်များကို ဟန်ချက်ညီစွာ မြို့နယ်အတွင်း ကြုံတွေ့လာသော မီးဘေးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ မြေပြင်အခြေအနေနှင့် ကိုက်ညီမှုရှိသော လုပ်ငန်းစီမံချက်များကို နှစ်စဉ်ရေးဆွဲပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်း ကျရောက်လာသော သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ မြို့နယ်ရုံးရှိ ရှာဖွေကူညီကယ်ဆယ်ရေး တပ်ဖွဲ့ဝင်(၃၅)ဦးဖြင့် အသင့်စုဖွဲ့ထားရှိပြီး တပ်ဖွဲ့ဝင်များ လုပ်ငန်းကျွမ်းကျင်မှုရှိစေရေးအတွက် စဉ်ဆက်မပြတ် ဇာတ်တိုက်လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်း၊ ပြည်သူများအား သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဆိုင်ရာအကြောင်း သိကောင်းစရာ အသိပညာပေးခြင်းကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရကာ ဇန်နဝါရီ ၂၃ ရက် နံနက် ၉ နာရီက ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲကို ညောင်ဦးမြို့၊ အမှတ်(၆) နယ်မြေ အောင်မြေသာရပ်ကွက်အတွင်းရှိ ဆောက်လုပ်ဆဲ အာရ်စီနှစ်ထပ် အဆောက်အအုံတွင် ရပ်ကွက်နေပြည်သူများအား ဖိတ်ကြား၍ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အဆောက်အဦနှင့် လူနေအိမ်များအတွင်း အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခြင်းကို နိုင်ငံတကာ၌ ကျင့်သုံးလျက်ရှိသော ကူညီကယ်ဆယ်ရေးစံသတ်မှတ်ချက် အဆင့်(၅)ဆင့်နှင့်အညီ လေ့ကျင့်သရုပ်ပြသ ဆောင်ရွက်ခဲ့ကြသည်။
ညောင်ဦးမြို့နယ်တွင်း မီးဘေးအန္တရာယ် ကူညီဆောင်ရွက်မှုအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ မီးလောင်မှုအကြိမ်ရေ (၁၀)ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုအနေဖြင့် ၁ ဒသမ ၃၄ ကျပ်သန်းခန့် ဆုံးရှုံးခဲ့ကြောင်း သိရကာ အများစုမှာ ပြည်သူများ၏ ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်ပွားရခြင်းဖြစ်ပြီး မီးလောင်မှုအမျိုးအစားများ အနေဖြင့် ပေါ့ဆမီးလောင်မှု (၄)ကြိမ်၊ မီးဖိုမီးလောင်မှု (၃)ကြိမ်၊ ရှို့မီးလောင်မှု (၂)ကြိမ်နှင့် တောမီးလောင်မှု (၁)ကြိမ် စုစုပေါင်း (၁၀)ကြိမ် ဖြစ်ပွားခဲ့ပြီး အချိန်နှင့်တစ်ပြေးညီ မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးခဲ့သည်။
သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းအနေဖြင့် ညောင်ဦးမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တစ်နှစ်တာအတွင်း ဧရာဝတီမြစ်ရေကြီးခြင်းနှင့် ကမ်းပြိုကျမှုကြောင့် လူနေအိမ်များ ကူညီရွှေ့ပြောင်းပေးခဲ့နိုင်မှု (၇)ကြိမ်၊ လေပြင်းတိုက်ခတ်၍ သစ်ပင်များပြိုလဲကျပြီး လမ်းပိတ်ဆို့မှုများကြောင့် သွားလာရေး အခက်အခဲမဖြစ်စေရေး ကူညီရှင်းလင်းပေးခဲ့မှု (၂၁)ကြိမ်၊ လူနေအိမ်များပေါ်သို့ သစ်ပင်လဲကျနေမှုအား ကူညီဖယ်ရှားရှင်းလင်းပေးခဲ့မှု (၄)ကြိမ်၊ စက်လှေတိမ်းမှောက်မှုကြောင့် ရှာဖွေကူညီကယ်ရေး ဆောင်ရွက်ပေးခဲ့မှု(၁)ကြိမ်၊ ရေတွင်းဟောင်း၊ ရေတွင်းပျက်များအတွင်း တိရစ္ဆာန်များ ပြုတ်ကျနေသဖြင့် သွားရောက်ဆယ်ယူပေးခဲ့မှု (၂)ကြိမ်တို့ ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်မှုအနေဖြင့် မြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် သောက်သုံးရေ အခက်အခဲမဖြစ်စေရေး ဌာနရေသယ်ယာဉ်ဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခြင်း၊ ဘုရား၊ ကျောင်းကန်များတွင် တပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးခြင်း၊ ကိုဗစ် - ၁၉ ဖြစ်ပွားသည့်ကာလ ခရိုင်/ မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့အဝင်၊ အထွက် စစ်ဆေးရေးတိုးဂိတ်များတွင် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းများကိုလည်း လုပ်ဆောင်ပေးလျက်ရှိပြီး ယခု ပွင့်လင်းရာသီရောက်ရှိချိန်တွင် မြို့နယ်အတွင်း မီးလန့်မှုနှင့် မီးလောင်မှုဖြစ်စဉ်များ လျော့နည်းရေးအတွက် မြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့် ကျေးလက်နေပြည်သူများ မီးဘေးသတိမူရေး အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းနှင့် မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ ကြပ်မတ်စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေကြောင်း သိရသည်။
သို့ဖြစ်၍ ညောင်ဦးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်တွင် မီးလောင်မှုနှင့် မီးလန့်မှုများ ဖြစ်ပွားခဲ့သော်လည်းကောင်း၊ သောက်သုံးရေရှားပါးမှုများ ကြုံတွေ့နေရသော်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ပါကလည်းကောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန အရေးပေါ်တယ်လီဖုန်းအမှတ် (၁၉၁)နှင့် ရုံးဂျူတီဖုန်းအမှတ် ၀၆၁ - ၂၄၆၀၁၉ သို့ နေ့ည အချိန်အခါမရွေး ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးကျော်မင်းသူထံက သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


