မန္တလေး၊ ၂၄ ဇန်နဝါရီ
မန္တလေးမြို့ အမရပူရမြို့နယ် အမရပူရ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ခွဲ(၄)(မြစ်ငယ်)က ဦးဆောင်ကာ mask စနစ်တကျ တပ်ဆင်ကာ စနစ်တကျ စွန့်ပစ်ရေး အသိပေးမှုနှင့် လူမှုအကျိုးပြုလုပ်ငန်းများ နေ့စဉ်လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
အမရပူရ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ခွဲ(၄)မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ပညာပေး လုပ်ငန်းများ ပြုလုပ်ခြင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို ကုသရေးစင်တာများသို့ ပို့ပေးခြင်း၊ ရောဂါ ပျောက်ကင်းသူများကို အိမ်ပြန်ပို့ပေးခြင်း၊ နွေးထွေးစွာကြိုဆိုခြင်း mask စနစ်တကျ တပ်ဆင်ကာ စနစ်တကျ စွန့်ပစ်ရေး အသိပေးမှုမှအစ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။
အမရပူရ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ခွဲ(၄)(မြစ်ငယ်)ကို မျိုးဆက်သစ် လူငယ်များဖြင့် ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ အင်အား(၅၀)ကျော်ဖြင့် ပြန်လည်ဖွဲ့စည်းပြီး ပြည်သူ့အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် (၉.၃.၂၀၂၀) ရက်နေ့မှစတင်ကာ လက်ကမ်းစာစောင်များဝေခြင်း၊ အသိပညာပေး ဗီနိုင်းများကပ်ခြင်းများ ပြုလုပ်ပေးပြီးနောက်ပိုင်းကာလတွင် စောင့်ကြည့်စခန်းများ ပိုးသတ်ဆေးဖျန်းခြင်း ကူညီပေးခြင်းများနှင့်အတူ အသိပညာပေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ အခြားလူမှုရေးလုပ်ငန်းများ ကို နေ့စဉ်ဆောင်ရွက်ပေးခဲ့သည်။
မြစ်ငယ်မြို့နှင့် အမရပူရမြို့အနီး အခက်အခဲရှိပါက အမရပူရ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ခွဲ(၄)(မြစ်ငယ်) ဒုခွဲမှူးဆရာမ ဒေါ်သင်းသင်းအေး ဖုန်း-၀၉၇၈၃၃၂၆၆၆၇ သို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။
တိမ်တမန်


