ရေတာရှည်၊ ၂၄ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဇန်နဝါရီ ၂၄ ရက်နေ့ နံနက်ပိုင်းက သပြေတန်းကျေးရွာ၊ ကွင်းအမှတ် ၆၃၇ ၊ တောင်သူ ဦးအောင်မျိုးဦး၏ အကွက်၌ ရက် ၂၀ သား နှံကောက် RS မျိုးများ ပင်ကြား ၆ လက်မ၊ တန်းကြား ၈ လက်မနှုန်းဖြင့် မြေသြဇာစမ်း သပ်ကွက်များ စိုက်ပျိုးပေးခဲ့သည်။
မြေသြဇာစမ်းသပ်ကွက် စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ တောင်ငူခရိုင် မြေအသုံးချရေးတာဝန်ခံ ဒေါ်သန်းသန်းဆင့် က “တောင်သူအများစုက ကွန်ပေါင်းနဲ့ ယူရီးယားမြေသြဇာကို အသုံးများတယ် အဲ့ဒီအပေါ်မှာမှ ပြုမူချက်ကသုံးခုပေါ့ ကျွန်မတို့က ပထမဆုံး တောင်သူသုံးတဲ့ နှုန်းထားအတိုင်း ၄၃ ပေအကျယ်မှာ ဆောင်ရွက်ထားပါတယ် ဒီအပေါ်မှာပဲ မြေသြဇာနှုန်းထားကျတော့ တောင်သူသုံးထားတဲ့ နှုန်းထားအပေါ်မှာပဲ ဒီအကွက်ငယ်လေးမှာ ချိန်တွယ်ပြီးတော့ထည့်ထားပေးတယ် အဲ့ဒါက ပြုမူချက်တစ်ခု၊ နောက်တစ်ခုကကျတော့ တောင်သူသုံးတဲ့ နှုန်းထားအပေါ်မှာ နိုက်ထရိုဂျင်၊ ယူရီးယားမြေသြဇာကိုထပ်ပြီးထည့်ထားပေးတာက တစ်ချက်ဖြစ်ပါတယ် နောက်ပြုမူချက် တစ်ခုကျတော့ တောင်သူသုံးထားတဲ့ နှုန်းထားအပေါ်မှာပဲ ယူရီးယားထပ်ထည့်ပေးထားတယ် တီစူပါနဲ့ပိုတက် ထပ်ထည့်ထားတဲ့ နှုန်းထားပေါ့ အဲ့ဒီပြုမူချက်သုံးခုနဲ့ ကျွန်မတို့က ထပ်ပြုချိန် သုံးချိန်လုပ်ပြီးတော့ စုစုပေါင်းအကွက်ငယ် ၉ ကွက် စိုက်ပျိုးထားပါတယ်” ဟု ရှင်းလင်းပြောကြားသည်။
စပါးသီးနှံစိုက်ပျိုးရာတွင် တီစူပါ ၊ ပိုတက်နှင့် ကွန်ပေါင်းမြေသြဇာများကို နှုန်းထားအတိုင်းရောစပ်၍ မြေခံအဖြစ်အသုံးပြုကာ စိုက်ပျိုးပြီး ၁၀ ရက်သားတွင် ယူရီးယားကိုတစ်ကြိမ်၊ အပင်ဥကပ်ချိန်၌ တစ်ကြိမ်ထည့်သွင်းအသုံးပြုရမည်ဖြစ်ကြောင်း ၎င်းကပင် ဆက်လက်ပြောကြားသည်။ တောင်သူများအနေဖြင့် သီးနှံများစိုက်ပျိုးရာတွင် မြေဆီသြဇာကို စနစ်တကျ သုံးစွဲနိုင်မှုအားနည်းခြင်း၊ သွင်းအားစုကုန်ကျစရိတ်သက်သာစေရန် ချွေတာခြင်းအစရှိသည်တို့သည် အထွက်နှုန်းကို ထိခိုက်စေသည်ဖြစ်ရာ ရာသီအလိုက်စိုက်ပျိုးသည့်အခါတွင် အခက်အခဲရှိနေသော တောင်သူများအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာကျွမ်းကျင်သော ကွင်းဝန်ထမ်းများ တာဝန်ရှိသူများအား ဆက်သွယ်ဆောင်ရွက်နိုင်ပါက များစွာအကျိုးရှိနိုင်မည်ဖြစ်သည်။
ကိုလွင် (ဆွာ)


