ဝါရှင်တန် ၂၅ ဇန်နဝါရီ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တို့သည် ရာသီဥတုပြောင်းလဲရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ ကိစ္စရပ်များအပါအဝင် ကမ္ဘာ့ရေးရာကိစ္စရပ်များ ကိုင်တွယ်ဖြေရှင်းရာတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်သွားရန် ယမန်နေ့က ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးစဉ် သဘောတူညီခဲ့ကြသည်။

အမေရိကန်အနေဖြင့် ရာသီဥတုပြောင်းလဲရေးဆိုင်ရာ ပါရီသဘောတူစာချုပ်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ ပြန်လည်ဝင်ရောက်လာမည့် ဆုံးဖြတ်ချက်အပေါ် ကြိုဆိုပါကြောင်း ဘောရစ်ဂျွန်ဆင်က ပြောကြားခဲ့သည်။

ထို့ပြင် နေတိုးအဖွဲ့၏အရေးပါမှုကိုလည်း ခေါင်းဆောင်နှစ်ဦးက အသိအမှတ်ပြုခဲ့ကြသည်။ တရုတ်နှင့်အီရန်နိုင်ငံတို့အပေါ် ကျင့်သုံးလျက်ရှိသည့် နိုင်ငံခြားရေးမူဝါဒများအပါအဝင် လွတ်လပ်စွာကုန်သွယ်မှု သဘောတူစာချုပ်နှင့်ပတ်သက်ပြီး ခေါင်းဆောင်နှစ်ဦး က ဆွေးနွေးခဲ့ကြသည်။

အလားတူ သမ္မတ ဂျိုးဘိုင်ဒင်က ကနေဒါဝန်ကြီးချုပ် ထရူးဒေါနှင့် မက္ကဆီကိုသမ္မတလိုပက်ဇ် အော်ပရာဒေါ တို့နှင့်လည်း နှစ်နိုင်ငံဆက်ဆံရေးနှင့်စပ်လျဉ်း၍ တယ်လီဖုန်းမှတစ်ဆင့် သီးခြားစီဆွေးနွေးခဲ့ကြသည်။

သမ္မတဟောင်း ထရမ့်၏အမေရိကန်သည်သာ ပထမဟူသည့် မူဝါဒကို သမ္မတဂျိုးဘိုင်ဒင်က ပယ်ဖျက်ကာ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်လုပ်ဆောင် နိုင်ဖွယ်ရှိကြောင်း နိုင်ငံရေး ကျွမ်းကျင်ပညာရှင်များက ဆိုသည်။

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်- အောင်ကျော်ကျော်