မြိတ်၊ ၂၅ ဇန်နဝါရီ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ပြည်သူလူထုမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရန်အတွက် နိုင်ငံတော်သို့ မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အရပ်ဘက်ပူးပေါင်းကော်မတီမှတစ်ဆင့် အလှူငွေများ စုစုပေါင်း ကျပ်သိန်း(၂၆၀၀)ခန့် လှူဒါန်းထားရှိကြောင်း မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ကော်မတီမှ သိရသည်။
“အလှူရှင်ပေါင်းက (၁၈၅)ဦး ရှိသွားပါပြီ။ ဒီနေ့လှူတဲ့ သိန်း(၁၀၀၀)မပါဘဲ အလှူငွေပေါင်း (၁၅၈၉)သိန်း ရပါပြီ။ ဒီနေ့ Myeik Corporation Public Co.Ltd နှင့် Bright Blue Water International Corporation Co., Ltd တို့လှူတာ သိန်း(၁၀၀၀)ဆိုရင် သိန်း(၂၀၀၀)ကျော်ပါပြီ။ နောက်ထပ်လှူမယ့် အလှူရှင်တွေ ရှိပါသေးတယ်။ ဇန်နဝါရီ ၂၉ ရက်နေ့ မွန်းတည့် (၁၂)နာရီဆိုလို့ရှိရင် ရရှိတဲ့အလှူငွေအကုန်လုံးကို စုပေါင်းပြီးတော့ နိုင်ငံတော်ကို လွှဲအပ်လှူဒါန်းဖို့ ပြင်ဆင်ထားပါတယ်” ဟု မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြကော်မတီ ဥက္ကဋ္ဌ ဒေါ်တင်တင်ထွေးက ပြောသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရန်အတွက် မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အရပ်ဘက်ပူးပေါင်းကော်မတီမှတစ်ဆင့် နိုင်ငံတော်သို့ လှူဒါန်းရန်အတွက် Myeik Corporation Public Co., Ltd နှင့် Bright Blue Water International Corporation Co., Ltd တို့မှ အလှူငွေ ကျပ်သိန်း(၁၀၀၀)ကို ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက ကုမ္ပဏီခန်းမတွင် လှူဒါန်းခဲ့သည်။
“မြိတ်မြို့မှာ ရှိနေတဲ့ပြည်သူလူထုက အခုချိန်မှာ ယခင် ပထမလှိုင်း၊ ဒုတိယလှိုင်းတုန်းက လှူဒါန်းတာထက် ဆေးအတွက် အများကြီးလာလှူပေးကြပါတယ်။ အားလုံးရဲ့စိတ်ထဲမှာ ဒီကပ်ရောဂါကြီးကို ကင်းစင်ချင်လှပါပြီ။ အဲဒါကြောင့် နိုင်ငံတော်မှ ဆေးဝယ်တဲ့အခါကျရင် အချို့တွေက ဘဏလွှဲရင် အခက်အခဲရှိတဲ့အတွက်ကြောင့် အလှူငွေတွေ ကိုယ်စားလက်ခံပေးပြီး နိုင်ငံတော်ကို လှူပေးရတာ ဖြစ်ပါတယ်” မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌက ဆက်လကပြောကြားသည်။
အလှူငွေလှူဒါန်းပွဲတွင် Myeik Corporation Public Co., Ltd ဉက္ကဋ္ဌ ဦးလှသန်းက ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန်အတွက် လှူဒါန်းရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြည်သူလူထုများမှ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန် လှူဒါန်းနေမှု အခြေအနေများကို စေတနာ့ဝန်ထမ်းအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းမင်းက ရှင်းလင်းပြောကြားသည်။
ထို့နောက် ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန်အတွက် အလှူငွေကျပ် သိန်း(၁၀၀၀)ကို Myeik Corporation Public Co., Ltd ဉက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့တို့က လှူဒါန်းခဲ့ကြရာ မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်၍ မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြကော်မတီ ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


